ရခိုင်ပြည်နယ် ရမ်းဗြဲ-လေးတောင်လမ်း ဆိုးရွားစွာ ပျက်စီးနေသဖြင့် သွားလာရေး အခက်တွေ့နေ

ရခိုင်ပြည်နယ် ရမ်းဗြဲ-လေးတောင်လမ်း ဆိုးရွားစွာ ပျက်စီးနေသဖြင့် သွားလာရေး အခက်တွေ့နေ
Published 8 August 2018

ရခိုင်ပြည်နယ် ရမ်းဗြဲ-လေးတောင်လမ်း ဆိုးရွားစွာ ပျက်စီးနေသဖြင့် ခက်ခက်ခဲခဲ သွားလာနေရစဉ်

ရခိုင်ပြည်နယ် ရမ်းဗြဲ -လေးတောင်လမ်း ဆိုးရွားစွာ ပျက်စီးနေသဖြင့် သွားလာရေး အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ရမ်းဗြဲ -လေးတောင်ကားလမ်း တစ်လျှောက်တွင် ရှောက်ချောင်း ကျေးရွာအနီး တစ်နေရာ၊ အတွင်းပြင် တောင်ပေါ်လမ်း တစ်နေရာ၊ လေးတောင်ချောင်းနှင့် ကုန်ဘောင်ရွာအကြား တောင်ပေါ်လမ်းတို့တွင် ဆိုးရွားစွာ ပျက်စီးနေပြီး ကားဗွက်နစ်ခြင်းတို့ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ရမ်းဗြဲ -လေးတောင်လမ်း တစ်လျှောက်မှာ ကုန်ဘောင်ရွာ မရောက်ခင် တောင်ပေါ်မှာ တစ်နေရာ၊ အတွင်းပြင် တောင်တစ်နေရာ၊ ရှောက်ချောင်းရွာနား တစ်နေရာ၊ မြင်းဘို မရောက်ခင် တစ်နေရာ အဲလို ဆိုးဆိုးရွားရွား ဖြစ်နေတာ ငါးနေရာလောက်ရှိပါတယ်။ ကုန်ဘောင်ရွာ မရောက်ခင် တောင်တက်လမ်းက ရေခန်းသွားတဲ့ ချောင်းကမ်းစပ်က ရွှံ့နွံပြင်လို တောင်ရွှံ့စေးတွေနဲ့ စေးကပ်နေတယ်။ ဆိုင်ကယ်ချော်ပြီး ယိုင်သွားလို့ ခြေလိုက်ထောက်မိတာ ဖိနပ်တစ်ဖက်က ရွှံ့ထဲနစ်ဝင်သွားပြီး ပြန်ဖော်မရ ကျကျန်ခဲ့တာ မနည်းပြန်ပြီး ရှာယူလိုက်ရတယ်။ ကျောက်ခင်းဖို့လိုတဲ့ နေရာမှာ ကျောက်မခင်း၊ တောင်က ပြိုကျလာတော့ လမ်းပေါ်မှာ မြေစာပုံကျ၊ လမ်းကတော့ ပြင်နေတာပဲ။ ဒါပေမဲ့ လမ်းက ကောင်းမလာဘူး။ ဝန်ကြီးတွေ ခရီးစဉ်မှာတော့ ဒီလမ်းကို ပြင်ဖို့ ပြောခဲ့တယ်။ ရမ်းဗြဲ-လေးတောင်လမ်းကို ရာသီမရွေး သွားနိုင်အောင်ဆိုရင် ကွန်ကရစ်လမ်းလုပ်မှ ကောင်းပါမယ်။ အခုက ကျောက်ချောလမ်းဆိုပြီး ဘတ်ဂျက်တွေ ချပေးပေမယ့် ကောင်းမလာဘူးလေ။ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ခရီးစဉ်မှာလည်း ပြောလိုက်ပါတယ်။ ကျောက်ချောလမ်းဆိုပြီးလုပ်၊ မိုးရာသီမှာ နဂိုအတိုင်း ပြန်ဖြစ်ဆိုတော့ နိုင်ငံဘဏ္ဍာတွေ အလဟဿ ဆုံးရှုံးနေပါတယ်။ အမှန်ဆိုရင် ဥတုသုံးပါးမပြတ် သွားလာလို့ရအောင် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း တိုးမြှင့်ပြီး ပြည်ထောင်စု ဘတ်ဂျက်နဲ့ လုပ်စေလိုတယ်လို့ တင်ပြထားတာ ရှိပါတယ်။ ပုံမှန်ဆိုရင် လိုင်းကားတွေက တစ်နာရီလောက် သွားရမဲ့ခရီးကို အခုလမ်းမကောင်းတော့ နှစ်နာရီကျော်အထိ သွားလာနေရတယ်။ ဆိုင်ကယ်နဲ့ နာရီဝက်လောက်သာ သွားရတဲ့ ခရီးက အခုဆိုရင် တစ်နာရီခွဲလောက်ကို ခက်ခက်ခဲခဲ သွားလာနေရတယ်။ ဒီကနေ့ဆိုရင် ကျွန်တော်တို့ လေးတောင်က ဆရာမတွေ ရမ်းဗြဲမြို့ကို သင်တန်းသွားတက်နေရတဲ့ ဆရာမတွေ စီးလာတဲ့ကား ဗွက်နစ်လို့ ဆင်းတွန်းခဲ့ရတယ်။ လမ်းက ရွှံ့ဗွက်ထနေတော့ သွားလာရတာ အဆင်မပြေဘူး” ဟု လေးတောင်တိုက်နယ်၊ သရက်ချိုကျေးရွာမှ ဦးတင်မိုးက ဆိုသည်။

အဆိုပါ ရမ်းဗြဲမြို့မှ လေးတောင်တိုက်နယ်သို့ သွားသော ကားလမ်းမှာ အမာခံလမ်းအဆင့် ဖြစ်သည့်အတွက် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အပြီး ရာသီမရွေး သွားလာနိုင်သည့် ကျောက်ချောလမ်းအဆင့် ရောက်ရှိစေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေ တင်ပြတောင်းခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် ဖြေကြားထားသည်။