လက်ရှိအစိုးရ လက်ထက်တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုမှု ၁၄၄ မှုရှိလာပြီး သတင်းမီဒီယာများအပေါ် ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုထားမှု ၁၉ မှုရှိကာ တရားရင်ဆိုင်နေသည့် သတင်းသမား ၂၇ ဦးရှိ

လက်ရှိအစိုးရ လက်ထက်တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုမှု ၁၄၄ မှုရှိလာပြီး သတင်းမီဒီယာများအပေါ် ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုထားမှု ၁၉ မှုရှိကာ တရားရင်ဆိုင်နေသည့် သတင်းသမား ၂၇ ဦးရှိ
Published 8 August 2018

လက်ရှိအစိုးရလက်ထက်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုမှု ၁၄၄ မှုအထိရှိလာပြီး သတင်းမီဒီယာများအပေါ် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုထားမှု ၁၉ မှုရှိကာ တရားရင်ဆိုင်နေရသည့် သတင်းသမား ၂၇ ဦးအထိရှိကြောင်း အသံအဖွဲ့ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှု) ၏ ဖော်ပြချက်အရ သိရသည်။

ထိုသို့ ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုမှုစာရင်းမှာ ယခု (သြဂုတ်) ၇ ရက်အထိ ကောက်ခံရရှိသော စာရင်းများဖြစ်ကာ တရားရုံးတင် စစ်ဆေးမှု အဆင့်များဖြစ်သည်။

လက်ရှိအစိုးရ လက်ထက်တွင် ဆက်သွယ်ရေးဥပဒေ မပြင်ဆင်ရသေးချိန်၌ ယင်းပုဒ်မဖြင့် တရားစွဲဆိုခံခဲ့ရသော အမှုအရေအတွက်မှာ ၉၀ မှုနှင့် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ပြီး တရားစွဲဆိုခံရသော အမှုအရေအတွက်မှာ ၄၃ မှုဖြစ်ကြောင်း သိရသည်။

ထိုအနက် ဥပဒေပြင်ဆင်ပြီးနောက် တရားစွဲဆိုခံရသော အမှုများထဲမှာ ၁၆ မှုမှာ  လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရဝန်ထမ်းများမှ တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း အသံအဖွဲ့ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု) က ဖော်ပြခဲ့သည်။

“ဒီဆက်သွယ်ရေး ဥပဒေက ပြင်ထားတာ မကြာသေးဘူး။ အဲဒီပြင်ဆင်ချက်တွေက မလုံလောက်ဘူးဆိုတာ အခုတရားစွဲဆိုနေတဲ့ အမှုစာရင်းတွေက လက်ရှိအခြေအနေကို သက်သေပြနေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်သက်တမ်း မကုန်ဆုံးမီကာလမှာ ဒီဥပဒေတွေ အမြန်ဆုံး သုံးသပ်ပြီးတော့ ပြင်ဆင်ဖို့ လိုအပ်နေတယ်။ မဟုတ်ရင် အမှုတွေက ဒီထက်ပိုပြီး များလာဖို့ရှိတယ်။ ဒီတစ်လတည်းမှာတင် ဆက်သွယ်ရေး ဥပဒေပုဒ်မ အမှုက ကိုးမှုအထိ ရှိနေတယ်” ဟု အသံအဖွဲ့မှ ကိုဆောင်းခက သြဂုတ် ၇ ရက်တွင် ပြောကြားသည်။

ဆက်လက်၍ ၎င်းက “အဓိက,က အသရေဖျက်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ပြဿနာဖြစ်နေတယ်။ အခုက အစိုးရကို ဝေဖန်တာ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ဝေဖန်တာတွေကို အသရေဖျက်မှုအနေနဲ့ သတ်မှတ်ထားလို့တော့ မရဘူး” ဟု ဆိုသည်။

ထို့ပြင် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ပြီး နောက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ပတ်သက်၍ ကြားလူများက တရားစွဲဆိုထားသော အမှုများ မတွေ့ရှိရတော့ကြောင်း အသံအဖွဲ့၏ ဖော်ပြချက်တွင် ပါရှိခဲ့သည်။

ယင်းပုဒ်မဖြင့် တရားစွဲဆိုမှုများမှာ ယခင်အစိုးရလက်ထက် ထက် များပြားလာကာ ယင်းပုဒ်မမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီစံနှုန်းများကို ထိပါးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent