ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းများအား နိုင်ငံတော်က မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များ သတ်မှတ်ပြီး ဆောင်ရွက်စေမည်ဖြစ်ကြောင်း စီမံ/ဘဏ္ဍာဒုတိယဝန်ကြီး ပြောကြား

ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းများအား နိုင်ငံတော်က မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များ သတ်မှတ်ပြီး ဆောင်ရွက်စေမည်ဖြစ်ကြောင်း စီမံ/ဘဏ္ဍာဒုတိယဝန်ကြီး ပြောကြား
Published 8 August 2018

သြဂုတ် ၇ ရက်က စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနရုံးအမှတ် (၃၂) တွင် ပြုလုပ်သည့် အစည်းအဝေးကို တွေ့ရစဉ်

ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းများအား နိုင်ငံတော်က မဟာဗျူဟာမြောက်လုပ်ငန်းစဉ်များ သတ်မှတ်ကာ ဆောင်ရွက်စေမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်က ပြောကြားသည်။

“ဒီအချိန်မှာ ကျွန်တော်တို့က Plan တွေရဲ့ လုပ်ထုံးလုပ်နည်းတွေကိုရော၊ Plan တွေရဲ့ The Hole Process တွေရောစပြီး ပြောင်းဖို့ စီစဉ်နေပါတယ်။ ဘယ်လိုစီစဉ်နေလဲဆိုတော့ ဝန်ကြီးဌာနအလိုက် ဘာလုပ်မယ်လို့တင်တာထက်စာရင် နိုင်ငံတော်ကနေ ဗျူဟာတွေသတ်မှတ်ပြီးတော့ မဟာဗျူဟာ မြောက်လုပ်ငန်းစဉ်တွေ သတ်မှတ်ပြီးတော့ မဟာဗျူဟာမြောက် လုပ်ငန်းစဉ်တွေကို ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် ဘယ်လိုပုံစံမျိုး အကောင်အထည်ဖော်မလဲဆိုတဲ့ Plan တွေကို သွားဖို့ကြိုးစားနေပါတယ်။ အဲဒီတော့ အခုသွားနေတာ ဝန်ကြီးဌာနတွေက သက်ဆိုင်ရာမိမိတို့ကဏ္ဍမှာ ဘယ်လိုဆောင်ရွက် မလဲဆိုတဲ့တင်တဲ့ Plan တွေကနေပြီးတော့ ဗျူဟာမြောက် Planing အဆင့်ကို သွားဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။

သြဂုတ် ၇ ရက်က စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်စီမံကိန်းကို အကောင်အထည်ဖော်ရာ၌ စောင့်ကြည့် အကဲဖြတ်နိုင်စေရန်အတွက် အမျိုးသားညွှန်းကိန်းမူဘောင်တစ်ရပ် ဖွံ့ဖြိုးလာစေရေး ဆွေးနွေးညှိနှိုင်းပွဲတွင် ဒုတိယဝန်ကြီးဦးဆက်အောင်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နောင်လာမည့်နှစ်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုချင်းစီအလိုက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြရာတွင် လက်ရှိဆောင်ရွက်နေသည့် ဆောင်ရွက်ချက်များကိုသာ ထည့်သွင်းရေးဆွဲထားသည် ကိုတွေ့ရှိရကြောင်း ဦးဆက်အောင်က ဆိုသည်။

၎င်းက “နောက်ပိုင်းကျရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေပြီးတော့ နောင်နှစ်ကို ဘာလုပ်မလဲဟေ့ဆိုပြီးတော့ မေးတာထက်စာရင် ကျွန်တော်တို့ရဲ့ ဗျူဟာမြောက် Plan ကတော့ ဒီလိုရှိပါတယ်။ ဗျူဟာမြောက် Plan တွေမှာပြထားတဲ့၊ ပြဋ္ဌာန်းထားတဲ့ မဟာဗျူဟာမြောက် လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဘာတွေလုပ်မှာလဲ ဆိုတဲ့ပုံစံမျိုးပဲ ကျွန်တော်တို့နောက်ပိုင်းကျရင် ဝန်ကြီးဌာနအလိုက် မေးမြန်းသွားမှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး မဟာဗျူဟာမြောက် လုပ်ငန်းစဉ်တွေကို ရောက်သွားမယ်ဆိုရင် ဘာတွေလိုလာမလဲဆိုရင် Plan တွေကနေ အကောင်အထည်ဖော်ဖို့ Implementation လိုလာပါတယ်” ဟု ဆက်လက်ပြောကြားသည်။

ထို့ပြင် အမျိုးသားအဆင့်အညွန်းကိန်းများမူဘောင် သတ်မှတ်ဖော်ထုတ်ရာတွင် စီမံကိန်းပါမဟာဗျူဟာများ၊ လုပ်ငန်းအစီအစဉ်များအတွက် လိုအပ်သည့် ညွှန်းကိန်းများရှာဖွေဖော်ထုတ်ခြင်း၊ အတည်ပြုခြင်း၊ တွက်ချက်ထုတ်ပြန်ခြင်းတို့ကို မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်း ညှိနှိုင်းရေးအဖွဲ့ဖြစ်သည့် ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် UNDP ၏ နည်းပညာအကူအညီများရယူကာ နိုင်ငံအတွင်းရှိ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ လက်တွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗဟိုစာရင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်က ပြောကြားသည်။

Most Read

Most Recent