သံဃာတော်များကို လမ်းမ၌ ဆွမ်းကပ်ခဲ့ရခြင်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ရှင်းလင်းချက်အချို့နှင့် ဓမ္မာရုံကို ရယူရန်ဆောင်ရွက်ခြင်းဟု စွပ်စွဲမှုများ မမှန်ကန်ကြောင်း ဆွမ်းကပ်ခဲ့သူများ ပြန်လည်ရှင်းလင်း

သံဃာတော်များကို လမ်းမ၌ ဆွမ်းကပ်ခဲ့ရခြင်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ရှင်းလင်းချက်အချို့နှင့် ဓမ္မာရုံကို ရယူရန်ဆောင်ရွက်ခြင်းဟု စွပ်စွဲမှုများ မမှန်ကန်ကြောင်း ဆွမ်းကပ်ခဲ့သူများ ပြန်လည်ရှင်းလင်း
Published 8 August 2018

တာမွေမြို့နယ်ရှိ သံဃာတော်များကို လမ်းမ၌ ဆွမ်းကပ်ခဲ့ရခြင်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ရှင်းလင်းချက်အချို့နှင့် ဓမ္မာရုံကိုရယူရန် ဆောင်ရွက်ခြင်းဟု စွပ်စွဲမှုများ မမှန်ကန်ကြောင်း ဆွမ်းကပ်ခဲ့သူများက သြဂုတ် ၇ ရက်တွင် ပြန်လည်ရှင်းလင်းခဲ့သည်။

“ဦးဝင်းအောင်က ကျွန်မတို့နှစ်ယောက်ကို ခေါ်တယ်။ သူက ကျွန်မတို့နှစ်ယောက်ကို တစ်ခါတည်း ပြောစရာရှိတယ်။ နောက်အပတ်တွေမှာ ဥပုသ်သီလစောင့်ခြင်းကို လုံးဝခွင့်မပြုတော့ပါဘူး။ သူသော့မဖွင့်ပေးတော့ပါဘူးလို့ ဦးဝင်းအောင်က ပြောတယ်။ သူကသော့လုံးဝမပေးဘူး။ သူမှားရင် သူခံမယ်ဆိုပြီး ပြောတယ်။ အဲဒီလိုပြောတော့ ကျွန်မတို့က အဘရယ် အဲဒီလိုတော့ မလုပ်ပါနဲ့ဆိုပြီး ပြောတော့ သူမှားရင် သူခံမယ်ပြောတယ်” ဟု တာမွေမြို့နယ် မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်နေ ဒေါ်နုနုလွင်က ပြောကြားသည်။

ဓမ္မာရုံတွင် ဘုရားပန်းကပ်ရန်အတွက် သော့ဖွင့်ပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သော့ပေးရန် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ကြောင်း၊ ယင်းကြောင့် မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် ပြောကြားထားသည့် အချို့အချက်အလက်များမှာ မှားယွင်းနေကြောင်း ဆွမ်းကပ်ခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။

“ဥပုသ်ရက်မရောက်မီ တစ်ရက်ညပိုင်းမှာ ကျွန်မတို့က ဘုရားပန်းလဲတာကို နှစ် တိုင်းလုပ်နေကျပါ။ သြဂုတ် ၃ ရက်နေ့ ညနေ မှာ  ကျွန်မတို့က ပန်းတွေဝယ်ပြီး ဓမ္မာရုံမှာ ဘုရားပန်းလဲဖို့ သော့လိုက်တောင်းတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေဆီမှာ သော့လိုက်တောင်းတယ်။ တောင်းတော့ သော့က အုပ်ချုပ်ရေးမှူး ယူထားပါတယ်။ သူ့ဆီမှာ သော့ပါဆိုတော့ ကျွန်မတို့က ပန်းတွေကိုင်ပြီး ဘာလုပ်ရမှန်း မသိတော့ ကျွန်မတို့ဆရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆီကို ဖုန်းလှမ်းဆက်ပြီး ဆရာရေ ကျွန်မတို့ ပန်းလေးကပ်ချင်လို့ပါ။ညနေ ၆ နာရီပန်းကိုင်ပြီး ဓမ္မာရုံရှေ့ ရပ်နေတယ်။ ည ၈ နာရီကျမှ သူတို့ရုံးချိန်မို့လို့ ပန်းတွေကို ဝင်ကပ်တာပါ။ ဥပုသ်နေ့ရောက်တော့ ရုံးသော့က ဖွင့်မပေးဘူး။ အခုသူက လူကြီးဖြစ်ပြီး သော့လာမတောင်းလို့ မဖွင့်ပေးပါဘူးဆိုပြီး ပြောတယ်။ ကျွန်မကိုယ်တိုင် သူ့ဖုန်းနံပါတ်ကို ဖုန်းဆက်ပြီး သော့တောင်းတာပါ။ ဖုန်းခဏခဏ ဆက်တာပါ။ အုပ်ချုပ်ရေးမှူးဆီကို။ မဆက်ဘူးလို့ သူပြောတာကတော့ မှားနေပါတယ်” ဟု ဆွမ်းကပ်ခဲ့သူ တစ်ဦးဖြစ်သည့် ဒေါ်သန်းသန်းဦးက ပြောကြားသည်။

ထိုသို့ပြောကြားမှုနှင့် ပတ်သက်၍ မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က “ဓမ္မာရုံနဲ့ပတ်သက်ပြီး သော့မပေးဘူးလို့ ဇူလိုင်  ၂၈ ရက်နေ့မှာ ကျွန်တော်ပြောဖူးတယ်။ ဒီကိစ္စ မဖြစ်ခင်ကပါ။ သူတို့က ကျွန်တော့်ကို အဲဒီတုန်းက သော့တောင်းလို့ ကျွန်တော်က မြို့နယ်ထွေအုပ်ရုံးကို ပြောရတယ်။ သူတို့က သော့တောင်းနေတယ်။ ကျွန်တော် ပေးရမလားဆိုပြီး မေးတယ်။ အဲဒီတော့ မြို့နယ်ထွေအုပ်ရုံးက မပေးပါနဲ့ဆိုပြီး ပြောတယ်။ သော့တောင်းတာကလည်း ဥပုသ်နေ့မတိုင်မီကပါ။ တကယ်လုပ်တဲ့ နေ့ကျတော့ ကျွန်တော့်ဆီကို သော့မတောင်းဘူး” ဟု သြဂုတ် ၇ ရက်တွင် ပြောကြားသည်။

ထို့ပြင် ဓမ္မာရုံအား ဘာသာရေးပွဲများ ပြုလုပ်ခြင်း၊ ရပ်ကွက်အတွင်းမှ လူများစုပေါင်း၍ အလှူအတန်း ပြုလုပ်ခြင်း၊ ဥပုသ်ကာလအတွင်း ဥပုသ်သီလဆောက်တည် ခြင်းများနှင့် ကောင်းမှုများ ပြုလုပ်ရန် အတွက်သာ ရည်ရွယ်ကြောင်း သိရသည်။

 

Most Read

Most Recent