သုံးလကျော်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ ဒသမ ၅ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ပိုမိုရရှိထားသဖြင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အလားအလာကောင်းနေဟုဆို

သုံးလကျော်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ ဒသမ ၅ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ပိုမိုရရှိထားသဖြင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အလားအလာကောင်းနေဟုဆို
Published 8 August 2018

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၈ခုနှစ် သုံးလကျော်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ ဒသမ ၅ ဘီလျံ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ပိုမိုရရှိထားသဖြင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်က ကုန်သွယ်မှုအနေအထားမှာ အလားအလာကောင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန် နိုင်ထွန်းက ပြောကြားသည်။

“လက်ရှိကာလတူ နှစ်ခုမှာ မနှစ်ကကာ လ တူထက် ၁ ဒသမ ၅ ဘီလျံပိုရထားတယ်။ အဲဒီတော့ ဒီနှစ်မှာ ကုန်သွယ်မှု အခြေအနေက ကောင်းနေတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

၂၀၁၈ခုနှစ် ဇူလိုင်လကုန်ပိုင်းအထိ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁၅၇၀ ဒသမ ၇၈၉ သန်း ရရှိထားသည်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ကာလတူအထိမူ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉၉၃၇ ဒသမ ၁၀၄ သန်းရရှိခဲ့သဖြင့် ယခုနှစ်လက်ရှိအချိန်အထိမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၆၃၃ ဒသမ ၆၈၅သန်း ပိုမိုရရှိထားခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

ယခုနှစ်အတွင်း ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၅၂၉၀ ဒသမ ၉၄၄ သန်းရရှိခဲ့ပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၃၆၃၂ ဒသမ ၀၆၈ သန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ဒေါ်လာ ၁၆၅၀ ဒသမ ၈၇၆ သန်းအထိ ကုန်သွယ်မှု ပြုလုပ်ထားသည်။

သွင်းကုန်ကဏ္ဍတွင်မူ ဒေါ်လာ ၆၂၇၉ ဒသမ ၈၄၅သန်းရရှိထားပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ၅၃၅၃ ဒသမ ၈၆၅သန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ဒေါ်လာ ၉၂၅ ဒသမ ၉၈၀ သန်း ကုန်သွယ်မှု ပြုလုပ်ထားသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် နိုင်ငံတည်ဆောက်ဆဲကာလဖြစ်သည့်အတွက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေသည်။ ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ လိုအပ်သည့် ကုန်ပစ္စည်းများ တင်သွင်းမှုများပြားနေခြင်းကြောင့် ကုန်သွယ်ရေးလိုငွေဖြစ်ပေါ်နေဆဲဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

“မနှစ်ကဆိုရင် ၃ ဒသမ ၈ ဘီလျံရှိ တယ်။ ကုန်သွယ်မှုလိုငွေဟာ ရှိနေတယ်။  ဘာလို့ကုန်သွယ်မှုလိုငွေက ရှိနေလဲဆိုတော့ ပထမတစ်ချက်ကတော့ နိုင်ငံဟာ တည်ဆောက်နေဆဲ ကာလဖြစ်တယ်။ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကျွန်တော်တို့တွေ လက်ခံနေတယ်။ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ဖို့ကိုလည်း ကြိုးစားနေတယ်။ အဲလိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါ ရင်းနှီးမြှုပ်နှံမှုအတွက်လိုအပ်တဲ့ Commodity တွေသွင်းလာတဲ့အတွက်  ရင်းနှီးမြှုပ်နှံမှုအရ လိုအပ်တဲ့လုပ်ငန်းတွေအတွက် ဆောင်ရွက်ရတဲ့ ငွေတွေပိုမိုကုန်ကျလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ကုန်ကျလာတဲ့ငွေတွေဟာ တစ်ဖက်က Capital Income အနေနဲ့ ဝင်လာတာ ဖြစ်တယ်။ ကုန်သွယ်မှုပမာဏတစ်ခုတည်း ကြည့်လို့မရဘူး” ဟု ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

ပြည်ပကုန်သွယ်မှုတွင် လယ်ယာထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုပစ္စည်း၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများနှင့် အခြားပို့ကုန်များ တင်ပို့နေခြင်းဖြစ်သည်။

သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းစသည်တို့ကို တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent