စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအတွက် ပုံစံ (၇) အမည်ပြောင်းကိစ္စနှင့်ပတ်သက်၍ ရှေးမူလမ်းဟောင်းအတိုင်းမလိုက်ဘဲ မလိုလားအပ်သည့်အချက်များ ပယ်ဖျက်ပေးရန် တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအတွက် ပုံစံ (၇) အမည်ပြောင်းကိစ္စနှင့်ပတ်သက်၍ ရှေးမူလမ်းဟောင်းအတိုင်းမလိုက်ဘဲ မလိုလားအပ်သည့်အချက်များ ပယ်ဖျက်ပေးရန် တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်း
Published 8 August 2018

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအတွက်ပုံစံ (၇) အမည်ပြောင်းကိစ္စ နှင့် ပက်သက်၍ ရှေးမူအတိုင်း လမ်ဟောင်းအတိုင်းမလိုက်ဘဲ မလိုလားအပ်သည့် အချက်များကို ပယ်ဖျက်ပေးရန် တိုင်းဒေသကြီးလွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ကြောင်း သိရသည်။

သြဂုတ်၇ရက်က ကျင်းပသည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများ ကြုံတွေ့ခံစားနေရသည့် ပုံစံ (၇) အမည်ပြောင်းကိစ္စများပို၍ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရှေးမူအတိုင်း လမ်းဟောင်းအတိုင်း လိုက်မနေဘဲ မလိုလားသည့် အချက်များအား ပယ်ဖျက်ပြီး ဥပဒေ လုပ်ထုံးလုပ်နည်းကိစ္စများအား ဖြေလျော့ကာယခုထက်ပို၍ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ သိလိုကြောင်း ကသာမြို့နယ်မဲဆန္ဒနယ်မြေ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက မေးမြန်းခဲ့ခြင်းကြောင်း သိရသည်။

“နယ်တွေမှာပုံ (၇) နဲ့ပတ်သက်ပြီးတော့ နာမည်ပြောင်းလို့ မရတာတွေ ပုံ (၇) နဲ့ပတ်သက်ပြီးတော့ ယောက်ျားသေတယ်။ ကျန်ရစ်တဲ့မိန်းမဖြစ်သူရဲ့ နာမည်ပြောင်းမရလို့ ချေးငွေမရတာတွေ နယ်တွေမှာအများကြီး ဖြစ်နေတယ်။ ဒီကိစ္စကို ဖြေးရှင်းပေးဖို့အတွက် ရှေးမူအတိုင်းမလိုက်ဘဲနဲ့ အရင်လူတွေ သွားထားတဲ့လမ်းဟောင်းအတိုင်း မလိုက်ဘဲနဲ့ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ပိုပြီးတော့ မြန်ဆန်လာအောင် လုပ်ပေးသင့်တယ်။ ပုံစံ (၇) မရတော့ တောင်သူတွေမှာ ချေးငွေမရဘူး။ လိုအပ်မယ့် ထောက်ခံချက်ကလည်း အများကြီးရှိတယ်။ တောင်သူတွေဘက်က လိုအပ်တဲ့ထောက်ခံချက်တွေ ယူပေးနိုင်တယ်။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းအရ ခရိုင်တရားရုံးမှာ အမှုရင်ဆိုင်ရဦးမယ်” ဟု ကသာမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောကြားသည်။

လက်ရှိတွင် လုပ်ပိုင်ခွင့်လယ်ယာမြေ အားလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းအား သတ်မှတ်ထားသည့် စည်းကမ်းနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်ငှားရမ်းခွင့် လဲလှယ်ခွင့်ပေးထားကြောင်း၊ အမွေဆက်ခံခြင်းနှင့် ပတ်သက်၍ တည်ဆဲဥပဒေအရတရားရုံး၏ အဆုံးအဖြတ်ပိုင်ခွင့် ရယူရမည်ဟု ပြဋ္ဌာန်းထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ဆိုသည်။

“ဒေသခံတောင်သူတွေအနေနဲ့ကတော့ သက်ဆိုင်ရာ တရားရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ကြတဲ့နေရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်။ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်းနှံခြင်း လဲလှယ်ခြင်းကိစ္စရပ်တွေမှာ လယ်အခက်အခဲတွေ ဖြစ်ပေါ်နေတယ်။ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ရဲ့ရှေ့မှာ တံဆိပ်ခေါင်းနဲ့အတူ စာချုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီစာချုပ်ကို ရက်ပေါင်းတစ်ရာအတွင်းမှာပဲ သက်ဆိုင်ရာဌာနကိုပေးပို့ပြီး မှတ်ပုံတင်ရမယ်လို့ ပြဋ္ဌာန်းထားပေမယ့် အဲဒီလို လုပ်ကြမယ့် လူတွေက မရှိသေးဘူး” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ဆက်လက်ပြောကြားသည်။

တောင်သူလယ်သမားများ၏ ပုံစံ (၇)ထဲတွင် ငါးဧကဟု ရေးထားသော်လည်းအပြင်မှာ ၁၀ဧကအထိရှိနိုင်ကြောင်း၊ ချေးငွေထုတ်ချေးပေးရာတွင်လည်း လယ်ယာမြေဧက အမှန်မဟုတ်သည့် မကျေနပ်မှုအချို့လည်းရှိကြောင်း၊ ပုံစံ (၇) ထဲတွင် သတ်မှတ်ထားသည့် လယ်ယာမြေဧကထက် ကျော်လွန်ကာ ချေးငွေထုတ်ချေးပေးတာမျိုးလည်း ရှိကြောင်း၊ အဆိုပါကိစ္စရပ်များကို သက်ဆိုင်ရာဌာနက သေချာစိစစ်ပေးရန်လိုအပ်ကြောင်း ဦးညီညီထွန်း၏ ပြောပြချက်အရ သိရသည်။

 

Most Read

Most Recent