<

ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး သုံးဦး ရေနစ်သေဆုံး

ကျိုက်မရောမြို့  ရှင်စောပုရပ်ကွက်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို သြဂုတ်လ (၆) ရက် မွန်းလွဲပိုင်းအချိန်က တွေ့ ရစဉ်

အတ္ထရံမြစ်ရေ လျှံမှုကြောင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း သြဂုတ်လ ၆ ရက်အထိ ရေကြီးရေလျှံမှု ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး သုံးဦး ရေနစ်သေဆုံးခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး စောအောင်မြင့်ခိုင်က ပြောကြားသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းတွေကဆိုရင် ကျေးရွာအုပ်စု ၂၃ စုထဲမှာရှိတဲ့ ရွာတွေမှာ ရေမြုပ်တဲ့ နေအိမ်ပေါင်း ၄၅၀၀ ကျော်လောက် ရှိခဲ့ပါတယ်။ ရေဘေးသင့် ပြည်သူလည်း၂၄၀၀၀ ကျော်လောက်အထိ ဖြစ်ခဲ့ပါတယ်။ အခုရေ နှစ်ပေကျော်ကျော် ကျသွားတဲ့အတွက်ကို ရေနစ်မြုပ်တဲ့ အိမ်ခြေ ၃၀၀၀ ၀န်းကျင်လောက်ပဲ ကျန်ပါတော့မယ်။ ရေမြုပ်တယ် ဆိုပေမဲ့လည်း ကိုယ့်ဒေသခံတွေက ကြိုတင်ပြင်ဆင်ထားမှု ရှိတယ်။ အဲ့ဒီအတွက်ကြောင့် စိုးရိမ်ရတဲ့ အနေအထားမျိုးအထိတော့ မဖြစ်ခဲ့ပါဘူး။ရေကြီးရေလျှံမှုတွေကြောင့် ကျိုက်မရောမြို့ နယ်တွင်းမှာ သြဂုတ် ၄ ရက်အထိကို ပြည်သူသုံးဦး အဖိတ်အစင် ဖြစ်ခဲ့ပါတယ်။ ကော့ကလော့ကျေးရွာက လင်မယားနဲ့ ကျိုက်မရောမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ရှင်စောပုရပ်ကွက်က အမျိုးသားတစ်ဦးပါ။ လှေမှောက်ပြီးတော့ အသက်သေဆုံး သွားခဲ့ကြတာပါ” ဟု စောအောင်မြင့်ခိုင် ကပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ရေက ဒီနှစ်ရက်လောက်တွင်းမှာ နှစ်ပေကျော်လောက် ကျသွားတယ်။ ဒီနေ့မှာတော့ ရေက ထိုင်နေတယ်။ ကျွန်တော်တို့က မိုးဆက်မရွာပါစေနဲ့လို့ ဆုတောင်းနေရတယ်။ တကယ်လို့ မိုးကြီးမယ်။ မိုးဆက်ရွာနေမယ်ဆိုရင် ရေက ပြန်တက်သွားနိုင်တဲ့ အခြေအနေမျိုး ရှိနေတယ်။ မိုးက ပုံမှန်လောက်ပဲ ရွာမယ်ဆိုရင်တော့ သိပ်တော့ ပြဿနာ မရှိတော့ဘူးလို့ ပြောရပါမယ်။ ဒါက ရေအခြေအနေပါ။ စားနပ်ရိက္ခာ အခြေအနေက စေတနာရှင်၊ အလှူရှင်တွေက အားတက်သရော လာရောက် လှူဒါန်းကြတာတွေ ရှိတယ်။ အဲ့ဒီအတွက်ကြောင့် စားရေးသောက်ရေးက သိပ်တော့ အခက်အခဲ မရှိဘူး”ဟု ပြောကြားသည်။

ဇူလိုင် ၂၂ ရက်လောက်ကတည်းက စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်မှာ ယနေ့အထိ ဖြစ်ကြောင်း၊ ရေကြီးရေလျှံမှု ဖြစ်ပွားရသည့် အကြောင်းအရင်းမှာ အတ္ထရံမြစ်၏ မြစ်လက်တက်များ ဖြစ်ကြသည့် ၀င်းယော်ချောင်းနှင့် ဇမိချောင်းရေတက်ခြင်း၊ သံလွင်မြစ်အတွင်း ပင်လယ်ရေတက်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် တောင်ကျရေ လိမ့်ဆင်းမှုများကြောင့် မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်၊ သထုံမြို့ နယ်၊ ပေါင်မြို့နယ်နှင့် ကျိုက်မရောမြို့နယ်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရေဘေးသင့်ပြည်သူ ထောင်နှင့်ချီပြီး ရှိနေဆဲဖြစ်ကြောင်း သိရသည်။

August 7, 2018














Copy Protected by Chetan's WP-Copyprotect.