<

ရိုက်တာ သတင်းဌာနမှ မြန်မာ သတင်းထောက်နှစ်ဦးအမှု နှစ်ဖက်သက်သေများ စစ်ဆေးမှုပြီးစီးသဖြင့် လာမည့်ရုံးချိန်းတွင် နှစ်ဖက်လျှောက်လဲချက် ပေးမည်

ရိုက်တာ သတင်းဌာနမှ မြန်မာ သတင်းထောက်နှစ်ဦးအား သြဂုတ် ၆ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရိုက်တာ သတင်းဌာနမှ မြန်မာ သတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အမှုတွင် နှစ်ဖက်သက်သေ စစ်ဆေးမှု သြဂုတ် ၆ ရက်က ရုံးထုတ်ခဲ့သော ၃၅ ကြိမ်မြောက် ရုံးချိန်းတွင် ပြီးစီးခဲ့သဖြင့် လာမည့် ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ပေးမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လဲချက်အား ကြားနာမည့် ရုံချိန်းကို သြဂုတ် ၂၀ ရက်သို့ ချိန်းဆိုခဲ့ပြီး နောက်ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

သတင်းထောက်နှစ်ဦး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က “ လာမည့်အပတ်က လျှောက်လဲချက် ပေးမှာပါ။ အပြီးသတ် လျှောက်လဲချက်လို့ ခေါ်တယ်။ အမှုမှာ တရားလိုနဲ့ တရားလိုပြ သက်သေတွေ ထွက်ဆိုချက်၊ နောက်တစ်ခါ စွပ်စွဲခံရတဲ့ သူတွေနဲ့ သူတို့ရဲ့ပြတဲ့ သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို ခြုံငုံပြီးတော့ ဒီဟာသည် ပြစ်မှု မမြောက်ကြောင်း၊ အပြစ်မပေးသင့်ကြောင်း ကျွန်တော်တို့ဘက်က လျှောက်လဲချက် ပေးမှာပါ။ ဒီဟာပြီးရင်တော့ အမိန့်ချမှာပါ” ဟု ရုံးချိန်းအပြီးတွင် မီဒီယာများအား ပြောကြားသည်။

ယနေ့ ရုံးချိန်းတွင် Yangon Journalism School (YJS) မှ ဆရာ ဦးရဲနိုင်မိုးနှင့် ကိုဝလုံး၏ သူငယ်ချင်း ကိုသန့်ဇင်စိုးတို့ နှစ်ယောက်ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

Yangon Journalism School (YJS) မှ ဆရာ ဦးရဲနိုင်မိုးက “အဓိကအားဖြင့် ကိုဝလုံးတို့ ကိုကျော်စိုးဦးတို့ကို ပုဂ္ဂိုလ်ရေးအရ ကျွန်တော့် သင်တန်းတွေမှာ ပါဝင်ခဲ့လို့ သိခဲ့တဲ့ အကြောင်းပေါ့။ နောက်ပြီးတော့ သူတို့ရဲ့ အလုပ်လုပ်ကိုင်ပုံတွေ သူတို့ အကျင့်စာရိတ္တတွေ၊ ကျင့်ဝတ်တွေကို ကျွန်တော့် အမြင်သုံးသပ်ချက်နဲ့ ပြောပါတယ်။ အဓိကထားပြီး ထွက်ဆိုတာက ကျွန်တော်တို့ သတင်းစာ ဆရာတွေက လူ့အဖွဲ့အစည်းမှာ ဘယ်လိုတာဝန်တွေနဲ့ ရပ်တည်သလဲပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတယ်။ မီးမောင်းထိုးပြပြီး ဆွေးနွေးခဲ့တာကတော့ ကျွန်တော်တို့တွေဟာ လူ့အဖွဲ့အစည်းထဲမှာ အရာအားလုံး အဆင်ပြေ ကောင်းမွန်နေတာကိုပြောဖို့က ကျွန်တော်တို့တာဝန် မဟုတ်ဘူး။ တကယ် စစ်မှန်တဲ့ သတင်းစာဆရာဆိုတာ လူ့အဖွဲ့အစည်းမှာ မှားယွင်းနေတာတွေ၊ ပြဿနာတွေကို ဖော်ထုတ်ပြဖို့က ကျွန်တော်တို့ရဲ့ တာဝန်လို့ ထွက်ဆိုခဲ့ပါတယ်” ဟု မီဒီယာများအား ပြောကြားသည်။

မူလက စွပ်စွဲခံရသူများဘက်မှ သက်သေ ကိုဝလုံးနှင့် ကိုကျော်စိုးဦး အပါအ၀င် ယာဉ်မောင်း၊ ဆရာ ဦးရဲနိုင်မိုး၊ ကိုသန့်ဇင်စိုး၊ တယ်လီနော နည်းပညာဆိုင်ရာ တာဝန်ခံ ခြောက်ဦး တင်ထားခဲ့သော်လည်း တယ်လီနော နည်းပညာဆိုင်ရာ တာဝန်ခံကို ယနေ့ရုံချိန်းတွင် ပယ်ဖျက်လိုက်ကြောင်း သိရသည်။ ထို့ကြောင့် စွပ်စွဲခံရသူများဘက်မှ သက်သေ စစ်ဆေးရန် မရှိတော့ကြောင်း သိရသည်။

တယ်လီနော နည်းပညာဆိုင်ရာ တာဝန်ခံအရာရှိမှာ ပြည်ပမှဖြစ်ပြီး သြဂုတ် ၇ ရက်တွင် ပြည်တွင်းသို့ လာနိုင်ကြောင်း၊ နိုင်ငံခြား သက်သေအတွက် စကားပြန် လိုအပ်၍ စွပ်စွဲခံရသူဘက်က တင်ပြသော်လည်း အဆိုပါ စကားပြန်ကို ရုံးတော်မှ လက်မခံခဲ့ကြောင်း၊ ရုံးတော်၏ ပြောကြားမှုအရ နိုင်ငံခြားဘာသာ တက္ကသိုလ်မှ စကားပြန် ခေါ်ယူခြင်းသည်လည်း တယ်လီနောအရာရှိ လာမည်ရက်နှင့် မကိုက်ညီသောကြောင့် ပယ်ဖျက်လိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ယင်းသို့ ပယ်ဖျက်လိုက်သော်လည်း အမှုအပေါ် ထိခိုက်နိုင်မှု မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဆက်လက်၍ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က တရားလိုနှင့် တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်အရ ကိုဝလုံးနှင့် ကျော်စိုးဦးတို့ လက်ထဲတွင် တွေ့သည်ဆိုသော စာရွက်စာတမ်းများမှာ မည်သူပေးသည်ဆိုခြင်း မပေါ်ပေါက်ကြောင်း၊ မည်သည့် အစိုးရ မည်သည့်ဌာနက ပျောက်သွားသည်ဆိုခြင်း မပေါ်ပေါက်ကြောင်း၊ မည်သည့် သက်သေမှလည်း မပြောနိုင်ကြောင်း၊ သို့သော် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် တစ်ယောက်သာ နောက်ကွယ်မှ အဖြစ်အပျက်၊ မည်သူက ခိုင်းသည်ဆိုခြင်းကို ထွက်ဆိုခဲ့ကြောင်း၊ စာရွက်စာတမ်းများ ပျောက်ဆုံးသည်ဟု ဆိုကာ မည်သည့်ဌာနကိုမှ အရေးယူထားခြင်း မရှိကြောင်း ပြောကြားသည်။

“စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီးတော့ ပျောက်ပါတယ် ဆိုပြီးတော့ ဘယ်ဌာနကမှ ဘယ်သူ့ကိုမှ အရေးယူထားတာ မရှိဘူး။ အမှန်တကယ် လက်ထဲမှာ ရတယ်ဆိုရင် ပေးသူရှိလို့။ အဲဒီတော့ ဒီလျှို့ဝှက် စာရွက်စာတမ်းတွေ ပေးသူကို အရေးယူထားတာ မရှိဘူး။ ပေးသူတောင် အရေးယူခံရခြင်း မရှိဘူးဆိုရင် ခံရတဲ့သူတွေက ပိုပြီးတော့ အပြစ်မရှိဘူး”ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင် ကဆိုသည်။

ရိုက်တာ သတင်းဌာနမှ မြန်မာသတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ၀လုံးနှင့် ကိုကျော်စိုးဦး(ခေါ်) ကိုမိုးအောင်တို့နှစ်ဦးကို အစိုးရ လျှို့ဝှက်စာရွက်စာတမ်းများနှင့်အတူ တွေ့ရှိသည်ဟုဆိုကာ မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးခဲ့ပြီး ၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ – ၃(၁)(ဂ) ဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ယုနိုင်က တရားလိုပြုလုပ်၍ မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

August 7, 2018














Copy Protected by Chetan's WP-Copyprotect.