တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေဆဲဖြစ်ပြီး ရေဘေးသင့်လူဦးရေ နှစ်သောင်းကျော်အထိ ရှိနေကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း သိရ

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေဆဲဖြစ်ပြီး ရေဘေးသင့်လူဦးရေ နှစ်သောင်းကျော်အထိ ရှိနေကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း သိရ
Published 7 August 2018

တနင်္သာရီမြစ်ကြောင်းတစ်လျှောက် နေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရစဉ်။

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိနေဆဲဖြစ်ပြီး ရေဘေးသင့် လူဦးရေမှာ ၂၄၁၉၈ ဦးအထိ ရှိနေကာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းပေါင်းစုံမှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ဖြစ်ပွားလျက်ရှိသော တနင်္သာရီမြစ် ရေကြီးမှုမှာ ရက်ကြာရှည်လာသည်နှင့်အမျှ ရေဘေးသင့်ပြည်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်လာနေပြီး မိုးဆက်လက် ရွာသွန်းနေပါက စိုးရိမ်ရဖွယ် အနေအထား ဖြစ်လာနိုင်ကြောင်း သိရသည်။

လက်ရှိအနေအထားတွင် မြို့ပေါ် နှစ်ရပ်ကွက်နှင့် ကျေးရွာ ၃၀ ရေဘေးသင့်မှု ခံစားနေရပြီး တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများ၊ ရိက္ခာဖြန့်ဝေမှုများ ဆက်တိုက် လုပ်ဆောင်နေသလို အဖွဲ့အစည်းအသီးသီးနှင့် ပရဟိတအသင်းများမှလည်း လာရောက်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ဇူလိုင် ၁၄ ရက်ကစပြီး ရေစကြီးခဲ့တယ်။ ၁၇ ရက်မှာမြို့ရဲ့ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ပြီး ရေကြီးနစ်မြုပ်ခဲ့တယ်။ အခုအချိန်အထိလည်း ရေကမကျသေးဘူး။ ရေဘေးသင့်နေတာ ရက်ပေါင်း ၂၀ ကျော်သွားပါပြီ။ ရေဘေးသင့်တဲ့ အိမ်ထောင်စုဦးရေ အနေနှင့်ကတော့ ၄၈၀၀ ကျော်ရှိတယ်။ လူဦးရေ အနေနှင့်ကတော့ ၂၄၁၉၈ ဦး ရေဘေးသင့်နေပါတယ်။ မြို့ရဲ့စိုးရိမ်ရေအမှတ်က ၁၇ ပေရှိပြီး အန္တရာယ်ရေအမှတ်က ၂၄ ပေ ဖြစ်ပါတယ်။ ၁၉ ရက်နောက်ပိုင်းမှာတော့ အန္တရာယ် ရေအမှတ်ကိုတောင် ကျော်သွားပြီး လကုန်ပိုင်းလောက်မှာတော့ အနည်းငယ်ပြန်ကျတယ်။ ဒါပေမဲ့ စိုးရိမ်ရေအမှတ်မှာပဲ ရှိနေပါသေးတယ်။ ရေကြီးနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့ရတဲ့ လူဦးရေပေါင်းက ၆၁၂၆ ဦး ရှိပါတယ်။ ပြောင်းရွှေ့ဆိုတဲ့နေရာမှာ ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့တာရှိတယ်။ နီးစပ်ရာ ဆွေမျိုးအိမ်တွေ ပြောင်းရွှေ့တာရှိတယ်၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို ပြောင်းရွှေ့တာ ရှိပါတယ်။ ကယ်ဆယ်ရေး စခန်းအားလုံး တနင်္သာရီမြို့မှာ ၁၁ ခု ဖွင့်လှစ်ထားပါတယ်။ ရေနည်းနည်းပြန်ကျသွားတဲ့အချိန်မှာ ကယ်ဆယ်ရေးစခန်း ခုနစ်ခုကို ဆက်လက်ဖွင့်ထားဆဲ ဖြစ်ပါတယ်။ အဲဒီ ခုနစ်ခုမှာ လူဦးရေစုစုပေါင်း ၈၃၀ ရှိပါတယ်။ ကျေးရွာပေါင်း ၃၀ စာရင်းရှိတယ်။ မြို့ပေါ်ရပ်ကွက်က နှစ်ခုရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ နေထိုင်စားသောက်ဖို့ အဆင်ပြေအောင် ဆောင်ရွက်ပေးထားပါတယ်။ ရိက္ခာဖြန့်ဖြူးမှုကတော့ သြဂုတ် ၅ ရက်မှာ တစ်ကျော့ပြီးဆုံးတယ်။ သြဂုတ် ၆ ရက်ကစပြီး နောက်ထပ် ခြောက်ရက်စာထပ်မံပြီး လိုက်လံဖြန့်ဝေပေးမှာပါ” ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောကြာသည်။

ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းပေးသူများ ရှိသလို အဖွဲ့အစည်းအလိုက် ကျေးရွာများအထိဆင်းကာ သွားရောက် လှူဒါန်းပေးနေသူများရှိသည်။

“ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေက ဗုဒ္ဓဘာသာဝင်တွေချည်း မဟုတ်ဘူး။ အစ္စလာမ်ဘာသာလည်း ပါတယ်။ ခရစ်ယာန်လည်းပါတယ်၊ ဟိန္ဒူတွေလည်းပါတယ်။ အားလုံးကို ဘာသာကြီး ၄ ရပ်က ညီညီညွတ်ညွတ်နှင့် တိုင်ပင်ပြီး လာလှူဒါန်းကြတာ၊ ရပ်/ရွာတွေကို ကိုယ်တိုင်သွားပြီး လှူကြတာပါ။ လှေတွေနဲ့ သွားလှူတယ်။ ပြီးခဲ့တဲ့ လေးရက်လောက် ဘကအနေနဲ့လာပြီး လှူခဲ့သေးတယ်။ အဲဒီမှာ တွေ့ရတာက တကယ့်ကို သနားစရာကောင်းတယ်။ တကယ်လည်း ဒုက္ခရောက်နေကြတယ်။ ဒါကြောင့် အစည်းအဝေးလုပ်ပြီး လာရောက် လှူဒါန်းပေးကြတာ ကိုယ့်လူမျိုး အချင်းချင်း ဘာသာမတူတာထားလိုက် စိတ်ဓာတ်တူပြီး တကယ့်ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးတာပါတို့လိုမျိုး၊ တခြားနေရာတွေမှာလည်း ဒီလိုဝိုင်းပြီးကူညီပေးကြရင် တကယ့်ကိုကောင်းတဲ့အရာပါပဲ” ဟု တနင်္သာရီ ရေဘေးသင့်ပြည်သူများထံသို့ ကိုယ်တိုင်လာရောက် ကူညီဆောင်ရွက်ပေးနေသည့် သံသရာအေးဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဘဒ္ဒန္တသုဇာတက မိန့်ကြားခဲ့သည်။

တနင်္သာရီ မြစ်ကြောင်းတစ်လျှောက် နေထိုင်သူများ အနေဖြင့် ရေဘေးအန္တရာယ်နှင့် ပတ်သက်ပြီး မည်ကဲ့သို့နေထိုင် ပြင်ဆင်ထားရမည်ကို သိရှိကြသော်လည်း မြစ်ရေကြီးမှု ရက်ကြာရှည်လာပါက အခက်အခဲမျိုးစုံ ရင်ဆိုင်လာရနိုင်ကြောင်း သိရသည်။ တနင်္သာရီမြစ်ကြောင်းတစ်လျှောက်တွင် သီတင်းကျွတ်ကာလအထိ မိုးရွာနေတတ်ပြီး ယခုကဲ့သို့ နေ့စဉ်ရက်ဆက် မိုးရွာသွန်းနေပါက စိုးရိမ်ရဖွယ် အနေအထား ရောက်ရှိလာနိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောကြားသည်။

Most Read

Most Recent