ဟိုတယ်နှင့်ခရီးသွားဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း လာရောက် လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားများအား ဝန်ဆောင်မှုပေးနိုင်သည့် သတင်းအချက်အလက် စင်တာများ ထပ်မံတိုးချဲ့ထားရှိမည်

ဟိုတယ်နှင့်ခရီးသွားဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း လာရောက် လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားများအား ဝန်ဆောင်မှုပေးနိုင်သည့် သတင်းအချက်အလက် စင်တာများ ထပ်မံတိုးချဲ့ထားရှိမည်
Published 7 August 2018

မန္တလေးမြို့ ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော်မြတ်စွာဘုရားသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်စဉ် (ဓာတ်ပုံ-သီရိ)

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အထက်မြန်မာပြည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား လိုအပ်သည့် သတင်းအချက်အလက်နှင့် လမ်းညွှန်မှုဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်သည့် သတင်းအချက်အလက် စင်တာများထားရှိ ဆောင်ရွက်လျက်ရှိပြီး ယင်းစင်တာများကို လိုအပ်သည့်နေရာအလိုက် ထပ်မံတိုးချဲ့ ထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံခြားသားခရီးသွား ဧည့်သည်များအား ဝန်ဆောင်မှုပေးနိုင်သည့် သတင်းအချက်အလက်စင်တာများကို အဓိကကျသည့် မန္တလေးလေဆိပ်၊ မန္တလေးဘူတာကြီးနှင့် မန္တလေးမြို့ ၂၆ လမ်း ကျုံးအနီး အထက်မြန်မာပြည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးတို့တွင် ဖွင့်လှစ်ထားကာ ဝန်ဆောင်မှုအဖြစ် ခရီးစဉ်ဒေသများ အကြောင်း၊ ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပေးခြင်း၊ ငွေလဲလှယ်မှု အစရှိသည့် လိုအပ်သည့် အချက်အလက်များကို ရှင်းလင်းလမ်းညွှန်ပေးခြင်းများ ပြုလုပ်လျက်ရှိပြီး ထပ်မံ၍ ဆိပ်ကမ်းနှင့် မန္တလေး တံတားဦးလေဆိပ်တွင် သတင်းအချက်အလက် စင်တာများထားရှိနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း ခရီးစဉ်ဒေသများဖြစ်သော အင်းဝကဲ့သို့ နေရာများတွင်လည်း ထားရှိနိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အဓိကကတော့ အင်ဖော်မေးရှင်း ကောင်တာရဲ့ အခန်းကဏ္ဍကလည်း တော်တော်လေး အရေးကြီးလာတယ်။ ချတဲ့အခါမှာ ဝန်ထမ်းရဲ့အခြေအနေရယ်၊ နေရာအခြေအနေရယ်ကို ကြည့်ပြီးတော့ လောလောဆယ် သုံးနေရာမှာ ချထားတယ်။ နောက်ထပ် နေရာတိုးဖို့ အစီစဉ်တွေရှိပြီး နိုင်ငံခြားသား ဧည့်သည် အများဆုံးဝင်တဲ့နေရာတွေကို တိုးသွားမယ်။ သူရဲ့သဘောသဘာဝက ခရီးသွားဧည့်သည်တွေကို မြန်မြန်ဆန်ဆန်နဲ့ သိချင်တာ၊ လိုချင်တာတွေအတွက် ဝန်ဆောင်မှုပေးတဲ့ပုံစံမျိုးပါ။ ဒါကြောင့် ကျွမ်းကျင်တဲ့လူတွေရှိဖို့လည်း လိုတယ်။ ဒီအပြင်ကို ခရီးသွားကဏ္ဍရဲ့ ကိန်းဂဏန်း အချက်အလက်ကို ကောက်ဖို့အတွက်လည်း ရည်ရွယ်တယ်” ဟု အထက်မြန်မာပြည် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

အဆိုပါ သတင်းအချက်အလက် စင်တာများ ထားရှိရခြင်းမှာ ဝန်ဆောင်မှုပေးခြင်းနှင့် တစ်ပြိုင်တည်း ခရီးသွားဧည့်သည်များ၏ အချက်အလက်များ ကောက်ယူနိုင်ရန် ရည်ရွယ်ပြီး ခရီးစဉ်ဒေသများ အောင်မြင်ရန် ရရှိလာသည့် အချက်အလက်များမှ လိုအပ်သည့် ဝန်ဆောင်မှုများ ဖြည့်ဆည်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များတွင် အများစုမှာ တရုတ်လူမျိုးများဖြစ်ပြီး တခြားလူမျိုးများလည်း ဝင်ရောက်မှုရှိရာ ဝင်ရောက်လာသည့် နိုင်ငံအလိုက် ခရီးသွားဧည့်သည်များ၏ အလေ့အထများနှင့် ကိုက်ညီသည့် ဝန်ဆောင်မှုများရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း မန္တလေးသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှု စုစုပေါင်းဦးရေ ၂၃၀၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent