ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံနှစ်ဦးအား စတုတ္ထအကြိမ် ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးနိုင်ခြင်းမရှိသေး

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံနှစ်ဦးအား စတုတ္ထအကြိမ် ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးနိုင်ခြင်းမရှိသေး
Published 7 August 2018

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံနှစ်ဦးအား သြဂုတ် ၆ ရက်က စတုတ္ထအကြိမ် ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် သင်္ဘောကွေ့ကျေးရွာမှ ဇနီးမောင်နှံ နှစ်ဦးဖြစ်သော ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့အား ရုံးထုတ်ခဲ့သော်လည်း ဝရမ်းထုတ်ထားသော သင်္ဘောကွေ့ကျေးရွာသားတစ်ဦး၏ သက်သေများ မရောက်သဖြင့် အမှုအား စစ်ဆေးနိုင်ခြင်းမရှိခဲ့ဘဲ သြဂုတ် ၁၄ ရက်တွင် ထပ်မံရုံးချိန်းခဲ့ကြောင်း သိရသည်။

“ဒီကနေ့ ရုံးချိန်မှာလည်း အမှုကို မစစ်ဆေးနိုင်သေးဘူး။ သင်္ဘောကွေ့ရွာသား နောက်တစ်ယောက် ကျန်နေတယ်။ သူ့ရဲ့ သက်သေနှစ်ယောက် မရောက်တဲ့အတွက် အမှုကို မစစ်ဆေးနိုင်ခဲ့ဘူး။ သြဂုတ် ၁၄ ရက်ကို ထပ်မံရုံးချိန်းပါတယ်” ဟု အမှုအား လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေဦးအောင်ကျော်ညွန့်က ပြောကြားသည်။

ဇူလိုင် ၂၃ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် ဒေါ်ဥမ္မာကျော်အား အာမခံ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၃၀ ရက်က တတိယအကြိမ် ရုံးထုတ်ခဲ့ရာတွင် ဒေါ်ဥမ္မာကျော်အား အာမခံလျှောက်ထားမှုအား ပယ်ချခံခဲ့ရကြောင်းနှင့် အာမခံအား ခရိုင်သို့ ထပ်မတက်တော့ကြောင်းလည်း ရှေ့နေဦးအောင်ကျော်ညွန့်က ပြောကြားသည်။

အဆိုပါ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် မောင်တောတောင်ပိုင်း သင်္ဘောကွေ့ကျေးရွာသား သုံးဦးအနက် ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့အား ဇူလိုင် ၉ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် ပထမအကြိမ်အဖြစ် ဇူလိုင် ၁၆ ရက်က မောင်တောမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့အား ဘူးသီးတောင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်းလည်း သိရသည်။

သင်္ဘောကွေ့ကျေးရွာသား သုံးဦးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အရ ရာဇဝတ်မှုကို ကျူးလွန်ကြောင်းနှင့် စွဲချက်ရှိသည်ကို ထုချေရှင်းလင်းရန် ဇူလိုင် ၉ ရက်အရောက် လာရောက်ရန် မြို့နယ်တရားရုံးမှ ဇူလိုင် ၈ ရက်က သမ္မန်စာပေးပို့ခဲ့ပြီး ကျေးရွာအား ဇူလိုင် ၉ ရက်တွင် သက်ဆိုင်ရာက ဖြိုဖျက်ခဲ့ကာ ဦးထွန်းမြင့်ဦးနှင့် ဒေါ်ဥမ္မာကျော်တို့အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာအား ဇူလိုင် ၉ ရက်တွင် သက်ဆိုင်ရာက ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာသားများအား အင်းဒင်ကျေးရွာသို့ ပြောင်းရွှေ့ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ကျေးရွာသားများက လက်မခံဘဲ ကျောက်ပန်းတူ ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

Most Read

Most Recent