ယခုလ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကာ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် မိုးများနိုင်

ယခုလ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကာ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် မိုးများနိုင်
Published 7 August 2018

မွန်ပြည်နယ်တွင် မိုးကြီးခြင်းကြောင့် ရေကြီးရေလျှံ ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

ယခုလ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကာ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းတို့တွင် မိုးများနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးချစ်ကျော်က ပြောကြားသည်။

“မုတ်သုံလေ အားကောင်းရင် လေဖိအားနည်းရပ်ဝန်း ဖြစ်ဖို့ခဲယဉ်းတယ်။ ဖြစ်နိုင်တာကတော့ သြဂုတ်လ ဒုတိယ ၁၀ ရက်ပတ်မှာ မုတ်သုံမုန်တိုင်းငယ် ဖြစ်နိုင်တယ်။ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ထိတော့ မရောက်နိုင်ဘူး။ ဖြစ်ပြီးတာနဲ့ ကမ်းကပ်သွားမှာ ဖြစ်တာကလည်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်နားလောက်မှာ ဖြစ်မှာ၊ စစ်တွေရဲ့ အနောက်ဘက်ပေါ့။ အဲဒီလိုဖြစ်ရင် စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်တို့၊ မန္တလေးတိုင်းတို့ စစ်ကိုင်းတိုင်းအောက်ပိုင်း မိုးများမယ်” ဟု ၎င်းကပြောကြားသည်။

ယခုကဲ့သို့ မိုးများလာနိုင်မှုကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်မှ စီးဆင်းလာမည့် ရေများသည် ဟင်္သာတနှင့် ဇလွန်တို့တွင် ရေကြီးနိုင်ကြောင်း၊ သြဂုတ်လသည် နှစ်စဉ်နှစ်တိုင်း ရေကြီးနေသည့် ကာလဖြစ်ကြောင်း ဦးချစ်ကျော်က ပြောကြားသည်။

“ဒီလက နှစ်စဉ်နှစ်တိုင်း ရေကြီးတဲ့ကာလ ဖြစ်တယ်။ ဒီကာလရောက်ရင် သတိထားရမှာကို လူတွေက သိပ်သတိမထားကြဘူး။ အခု ရေကြီးနိုင်တာကတော့ ဧရာဝတီနဲ့ ပဲခူးတိုင်းပဲ၊ မော်လမြိုင်ကတော့ ထက်မကြီးနိုင်ဘူး။ မိုးလယ်ကာလမှာ မိုးကြီးတာက မွန်ပြည်နယ်ဘက် သိပ်မကြီးဘူး။ ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ရယ် ကချင်၊ စစ်ကိုင်း၊ ချင်း အဲဒီနေရာတွေက မိုးကြီးတယ်။ နောက်တစ်ခု ရှမ်းပြည်နယ်လည်း ကြီးတယ်။ ရှမ်းပြည်နယ် မိုးကြီးရင်တော့ သံလွင်မြစ်ကနေ ဘားအံ ရေကြီးနိုင်တယ်” ဟု ဦးချစ်ကျော်က ဆိုသည်။

သြဂုတ်လအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်သည် ပိုမို အားကောင်းကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ခန့်မှန်းချက်အရ သိရသည်။

ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင် ပိုမို အားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအား အသင့်အတင့်မှ အားကောင်းနိုင်ပြီး ယင်းကာလတွင် မုတ်သုံလေ အားပြတ်ခြင်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မိုးရွာသွန်းမှု အခြေအနေသည် တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၂ ရက်မှ ၂၉ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် ၁၂ ရက်မှ ၂၁ ရက်ခန့် ထစ်ချုန်း ရွာနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် သြဂုတ်လအတွင်း ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာ မြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေသည် ပြင်သာတွင် တစ်ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ကြိမ်ခန့် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။

Most Read

Most Recent