ရုပ်ရှင်ဇာတ်ကားအချို့ Facebook ပေါ် ပျံ့နှံ့နေခြင်းမှာ အွန်လိုင်းဥပဒေအားနည်းချက်များကြောင့်ဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဟောင်း အကယ်ဒမီလူမင်း ပြောကြား

ရုပ်ရှင်ဇာတ်ကားအချို့ Facebook ပေါ် ပျံ့နှံ့နေခြင်းမှာ အွန်လိုင်းဥပဒေအားနည်းချက်များကြောင့်ဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဟောင်း အကယ်ဒမီလူမင်း ပြောကြား
Published 6 August 2018

ရုပ်ရှင်ဇာတ်ကားအချို့ Facebook ပေါ်မှတစ်ဆင့်ပျံ့နှံ့နေခြင်းမှာ အွန်လိုင်းဥပဒေ အားနည်းချက်များကြောင့်ဖြစ်ကြောင်း သြဂုတ် ၅ ရက်တွင် ရန်ကုန်မြို့ရှိ  Orchid Hotel ၌ပြုလုပ်သည့် Facebook အကြောင်း အကျိုး၊ အကောင်းအဆိုးစကားဝိုင်းတွင် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဟောင်း အကယ်ဒမီ လူမင်းက ပြောကြားသည်။

“ကျွန်တော် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ တာဝန်ယူခဲ့တုန်းကလည်း ဒီကိစ္စတွေကိုဖြေ ရှင်းခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့လုပ်ပိုင်ခွင့်ရှိသလောက် ဒီလိုကိစ္စမျိုးနောင်မဖြစ်အောင် စံပြအမှုတစ်ခုအနေနဲ့ စီရင်ချက် ထွက်အောင်ကြိုးစားခဲ့ပါတယ်။ သို့သော် နည်းပညာတွေရဲ့တိုးတက်မှု၊ အွန်လိုင်းဥပဒေရဲ့အားနည်းမှု၊ ဥပဒေကို ကိုင်တွယ်တဲ့ ရဲစခန်းတွေ ဘာတွေကအစ ဒီလိုကိစ္စမျိုးကို ကျွမ်းကျင်ပိုင်နိုင်မှုမရှိတဲ့အားနည်းချက်တွေကြောင့် အွန်လိုင်းဇာတ်ကားပျံ့နှံ့မှုတွေကိုထိရောက်စွာ မဖြေရှင်းနိုင်ခဲ့ပါဘူး” ဟု အကယ်ဒမီလူမင်းက ပြောကြားသည်။

ထို့ပြင် Facebook ပေါ်တွင် ရုပ်ရှင် ဇာတ်ကားအချို့အား Share ခြင်း၊ တင်ခြင်းတို့မှာ ဥပဒေအရပြစ်မှုမြောက်ကြောင်း၊ တချို့မှာ အမှန်တကယ်မသိရှိ၍ လုပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါအချက်များကိုလည်း သိရှိနိုင်အောင် လုပ်ဖို့လိုအပ်ကြောင်း အကယ်ဒမီလူမင်းက ဆိုသည်။

“ဒီလိုအမှုတစ်ခုကိုလိုက်မယ်ဆိုရင် သက်ဆိုင်ရာပိုင်ရှင်ဖြစ်တဲ့ ထုတ်လုပ်သူကလည်းဇွဲရှိရှိနဲ့လုပ်နိုင်ရမယ်။ သက်ဆိုင်ရာ ဥပဒေကို ဆောင်ရွက်တဲ့အဖွဲ့အစည်းအသီးသီးကလည်း ကျွမ်းကျင်ပိုင်နိုင်မှု ရှိဖို့လိုအပ်ပါတယ်။ အွန်လိုင်းပေါ်က ဥပဒေတွေဟာ ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး ထိထိရောက်ရောက် ကာကွယ်နိုင်တယ်ဆိုတာ ဒီနေ့အထိ ဘယ်သူမှမပြောနိုင်သေးဘူး။  အွန်လိုင်းက ဥပဒေကင်းမဲ့ဇုန်လား။လုပ်ချင်ရာလုပ်လို့ရတဲ့ နေရာတစ်ခုလားလို့ ကျွန်တော်အရင်ကလည်း မေးခွန်းထုတ်ခဲ့ဖူးပါတယ်” ဟု အကယ်ဒမီလူမင်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent