မြန်မာနိုင်ငံတွင် Facebook သည် စတုတ္ထမဏ္ဍိုင်သဖွယ် ဖြစ်နေပြီး လူမှုကွန်ရက်များပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိနေခြင်းအပေါ် လက်ရှိအစိုးရ ကြောက်နေဟု ဝိုင်းဝန်းဆွေးနွေး

မြန်မာနိုင်ငံတွင် Facebook သည် စတုတ္ထမဏ္ဍိုင်သဖွယ် ဖြစ်နေပြီး လူမှုကွန်ရက်များပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိနေခြင်းအပေါ် လက်ရှိအစိုးရ ကြောက်နေဟု ဝိုင်းဝန်းဆွေးနွေး
Published 6 August 2018

သြဂုတ် ၅ ရက်တွင် Orchid ဟိုတယ်၌ ပြုလုပ်သည့် “Facebook အကြောင်းအကျိုး၊ အကောင်းအဆိုး” စကားဝိုင်းကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် Facebook သည် စတုတ္ထမဏ္ဍိုင်သဖွယ် ဖြစ်နေပြီး ယင်းကဲ့သို့ လူမှုကွန်ရက် ပလက်ဖောင်းများပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်   (Freedom of Expression) ရှိနေခြင်းအပေါ် လက်ရှိအစိုးရ ကြောက်နေသည်ဟု ယူဆကြောင်း သြဂုတ် ၅ ရက်တွင်  Orchid ဟိုတယ်၌ ပြုလုပ်သည့် “Facebook အကြောင်း အကျိုး၊ အကောင်းအဆိုး”  စကားဝိုင်းတွင် ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။

“ကျွန်တော်က အစိုးရမဟုတ်တော့ သူတို့ဘယ်လိုကြောက်တယ်ဆိုတာ ကျွန်တော်လည်း မသိဘူး၊ ဒါပေမဲ့ အဲ့အချက်ကတော့ အမှန်ပါပဲ၊ ၂၀၁၅ မှာ ပိုများတယ်။ တရားစွဲခံရတာ ၆၁ဦး ရှိပြီ။ အဲ့တော့ နှိုင်းယှဉ်ချက် အရပြောရမယ်ဆိုရင် Freedom of Expression မှာတော့ လက်ရှိအခြေအနေဟာ ဦးသိန်းစိန်အစိုးရထက် နောက်ပြန်ဆုတ်သွားပြီ၊ အရင်တုန်းက ကျွန်တော်ပြောတာ ကျွန်တော့်ကို ဘာမှမလုပ်ဘူး၊ ဘာမှမလုပ် ဘူးဆိုတာ ခွေးလေးခုန်လို့ ဖုန်မထဘူးဆိုတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့၊ အခုချိန်တော့ ကျွန်တော် မပြောဝံ့တော့ဘူး၊ ၆၆ ဃ ကြောက်လို့၊ သူတို့က လွတ်လပ်မှုနဲ့ ပတ်သက်လို့ ကိုယ်က အပေါ်ရောက်လာတဲ့အခါ တစ်မျိုးဖြစ်လာတယ်”   ဟု ပရိသတ်တစ်ဦး၏ မေးမြန်းမှုကို တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦးက ပြန်လည်ဖြေကြားသည်။

Facebook သည် မြန်မာနိုင်ငံတွင် အသုံးပြုသ ူအများအပြားရှိနေပြီး သတင်းဌာနကြီးတစ်ခုကဲ့သို့ သတင်းများ အလျင်အမြန် ဖြန့်ဝေနိုင်ခြင်း၊ အရေးပေါ်ကိစ္စများဖြစ်သည့် သဘာဝဘေးအန္တရာယ်များအတွက် အကူအညီများ တောင်းခြင်းများအပြင် မကြာမီက ဖြစ်ပွားခဲ့သည့် သရုပ်ဆောင်အောင်ရဲထွေးအမှုတွင် တရားခံများအား လွှတ်ပေးခြင်းအပေါ် တရားရေးမဏ္ဍိုင်ကိုပါ တစ်စုံတစ်ရာထိန်းကျောင်းသည်အထိ တွင်ကျယ်လာခဲ့ကြောင်း စတုတ္ထမဏ္ဍိုင်သဖွယ်ဖြစ်လာကြောင်း ဆွေးနွေးကြသည်။

“ကျွန်တော့်အနေနဲ့ ဒီသတင်းမီဒီယာက စတုတ္ထမဏ္ဍိုင်လို့ ကင်ပွန်းတပ်ကတည်းက ထောက်ခံခြင်း သဘောတူခြင်းပြောဖို့ ကျွန်တော်ဉာဏ်မမီပါဘူး။ ဒါပေမဲ့လည်း ဒီ Facebook ကြီးက မဏ္ဍိုင်တစ်ခုဖြစ်နေတာ တော့ သေချာပါတယ်။ တကယ်ကိုလည်း တည့်မတ်ပေးနိုင်တာဖြစ်သလို Facebook မှာတက်လာတဲ့ သတင်းမှာပဲ ဥပမာ လမ်းပျက်တာ ပြင်တာကအစပေါ့ လူအများကို သိအောင် အများရဲ့ဆန္ဒတွေကို အချိန်တို အတွင်းမှာ သိနိုင်တဲ့အတွက် သဘောထားကို (အကြမ်းဖျင်းအားဖြင့်) ကောက်ယူနိုင်တဲ့ မဏ္ဍိုင်ဖြစ်နေတာတော့ အသေအချာပါပဲ”  ဟု သရုပ်ဆောင်လူမင်းက ပြောသည်။

ထုတ်ဖော်ဝေဖန်ခြင်းများကို တရားစွဲရာတွင် အဓိက အသုံးပြုလေ့ရှိသော ဆက်သွယ်ရေးဥပဒေကို ကြံ့ခိုင်ရေးပါတီ ဦးဆောင်သော အစိုးရလက်ထက်တွင် စတင်အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းလက်ထက်တွင် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှု ၁၁မှု ရှိခဲ့သည်။ လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဦးဆောင်သော အစိုးရလက်ထက်တွင် ဇူလိုင် ၄ ရက်အထိ လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်ထားသည့် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲမှုမှာ အမှုပေါင်း ၁၃၄ မှု ရှိပြီဖြစ်သည်။

ဆက်သွယ်ရေးဥပဒေကို ၂၀၁၇ခုနှစ် သြဂုတ်လအတွင်း ပြင်ဆင်ခဲ့သော်လည်း နိုင်ငံရေးအရ ထုတ်ဖော်ဝေဖန်ခြင်းများကို တရားစွဲရာတွင် အဓိကအသုံးပြုလေ့ရှိသော ပုဒ်မ ၆၆(ဃ)ကို မပယ်ဖျက်ဘဲ ပြစ်ဒဏ် နှစ်နှစ်သို့ လျှော့ချခြင်းနှင့် ကိုယ်စားလှယ်လွှဲစာမပါဘဲ ကြားလူက တရားစွဲ၍မရအောင် ပြင်ဆင်ခြင်း တို့သာ ပြုလုပ်ခဲ့သည်။ထို့ကြောင့် ကြားလူက ဝင်ရောက် တရားစွဲလေ့ရှိသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်သော အမှုများသာ လျော့နည်းပပျောက်သွားပြီး အချို့သော အမှုများတွင် ကိုယ်စားလှယ်လွဲှစာအား အသုံးပြုလာကြောင်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ အသံ (Athan)”  ထံမှ သိရသည်။

 

 

Most Read

Most Recent