သက်ဆိုင်ရာမြစ်များသည် ပဲခူးမြို့၊ ဘီးလင်းမြို့၊ တောင်ငူမြို့များတွင် စိုးရိမ်ရေမှတ်အောက်နှင့် ဘားအံမြို့၊ မဒေါက်မြို့များတွင် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေ

သက်ဆိုင်ရာမြစ်များသည် ပဲခူးမြို့၊ ဘီးလင်းမြို့၊ တောင်ငူမြို့များတွင် စိုးရိမ်ရေမှတ်အောက်နှင့် ဘားအံမြို့၊ မဒေါက်မြို့များတွင် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေ
Published 6 August 2018

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင် ရေဘေး သင့်ခဲ့သည့် ပဲခူးမြို့၊ ဘီးလင်းမြို့၊ တောင်ငူမြို့များတွင် သက်ဆိုင်ရာမြစ်များသည် စိုးရိမ်ရေမှတ်အောက်တွင်တည်ရှိနေပြီး ဘားအံမြို့နှင့် မဒေါက်မြို့များတွင်မူ စိုးရိမ် ရေမှတ်၏အထက်တွင် ဆက်လက်တည်ရှိလျှက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ထားမှုအရ သိရသည်။

သြဂုတ်လကုန်ပိုင်းတွင် ဆိုးရွားသည့် ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရသည့် ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်သတ်မှတ်ချက် ၈၈၀ စင်တီမီတာအောက် ၇၁၉ စင်တီမီတာတွင်ရှိနေပြီး အလားတူ ဘီးလင်းမြို့ တွင် ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ် သတ်မှတ်ချက် ၁၀၂၂စင်တီမီတာအောက် ၉၃၅ စင်တီမီတာတွင်ရှိနေခဲ့ကာ ဘားအံမြို့တွင်မူ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်၏အထက် ၈၇၁စင်တီမီတာတွင် ရှိနေကြောင်း သိရပြီး မဒေါက်မြို့တွင်လည်း  စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၁၁၇၆ စင်တီ မီတာတွင် ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ထားမှုအရ သိရသည်။

ထို့အတူ  ဧရာဝတီမြစ်အနီးရှိ ပခုက္ကူ မြို့နှင့် ညောင်ဦးမြို့၊ ချင်းတွင်းမြစ်အနီးရှိ ဟုမ္မလင်းမြို့၊ မော်လိုက်မြို့၊ ကလေးမြို့၊ မင်းကင်းမြို့၊ မုံရွာမြို့၊ ရွှေကျင်မြစ် အနီးရှိ ရွှေကျင်မြို့၊ ငဝန်မြစ်အနီးရှိ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့၊ တိုးမြစ်အနီးရှိ မအူပင်မြို့တို့အား စိုးရိမ်ရေမှတ်နှင့်နီးစပ်လျက်ရှိသည့် မြို့များအဖြစ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သြဂုတ် ၅ရက်တွင် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်မှုများအရ ဒေသအချို့ မှလွဲ၍ မြန်မာနိုင်ငံ၏ ဒေသအတော်များများတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်းသိရပြီး တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မိုး အဆက်မပြတ် ရွာသွန်းမှုများကြောင့် မွန်ပြည် နယ် ဘီလင်းမြို့၊ ပဲခူးတိုင်းဒေသကြီးရှိ ပဲခူးမြို့၊ ကရင်ပြည်နယ် ဘားအံမြို့တို့အပါအဝင် ဒေသအတော်များများတွင် ဆိုးရွားသည့် ရေဘေးသင့်အန္တရာယ်ကို ကြုံတွေ့ခဲ့ရသည့်အတွက် ရေးဘေးသင့်ပြည်သူ ၅၄၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent