ဇူလိုင်လအတွင်း အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရမိမှု ၈၀ ရှိခဲ့ပြီး လေဆိပ်၊ ဆိပ်ကမ်းအပါအဝင် ဒေသအသီးသီးမှ ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုး ကျပ် ၅၇၇ သန်းကျော်ရှိ

ဇူလိုင်လအတွင်း အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရမိမှု ၈၀ ရှိခဲ့ပြီး လေဆိပ်၊ ဆိပ်ကမ်းအပါအဝင် ဒေသအသီးသီးမှ ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုး ကျပ် ၅၇၇ သန်းကျော်ရှိ
Published 6 August 2018

ဇူလိုင်လအတွင်း အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရမိမှု ၈၀ ရှိခဲ့ပြီး လေဆိပ်၊ ဆိပ်ကမ်းအပါအဝင် ဒေသအသီးသီးမှ ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုး ကျပ် ၅၇၇ သန်းကျော် ရှိလာကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်း၊ အထူးကင်း၊ ရန်ကုန်စာတိုက်နှင့် အကောက်ခွန်နယ်မြေ ဒေသအသီးသီးတို့တွင် တင်သွင်း/တင်ပို့ စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိဘဲ တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား အကောက်ခွန် ဦးစီးဌာနမှ စစ်ဆေးရှာဖွေတားဆီး အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ပြုလုပ်ခဲ့ရာ ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ စုစုပေါင်း တားဆီး/ဖမ်းဆီးမှု ၈၀ မှုရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၅၇၇ ဒသမ ၇၂၉ သန်းရှိကြောင်း သိရသည်။

ဇူလိုင်လအတွင်း လေဆိပ်တွင် အကောက်ခွန်မဲ့ပစ္စည်း တားဆီးမှု ရှစ်မှုရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၂ ဒသမ ၈၄၈ သန်း၊ ဆိပ်ကမ်းများတွင် တားဆီးမှု ရှစ်မှုရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၁၆၁ ဒသမ ၇၄၈သန်း၊ အကောက်ခွန် နယ်မြေများမှ တားဆီးမှု ၆၄ မှုရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၄၁၃ ဒသမ ၁၃၃ သန်းရှိခဲ့ကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာနသည် လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းနှင့် အကောက်ခွန် နယ်မြေဒေသ အသီးသီးတို့တွင် တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးရှာဖွေ တားဆီးအရေးယူမှုများ ပြုလုပ်ခဲ့ရာ ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ တစ်လအတွင်း အကောက်ခွန်မဲ့ပစ္စည်း တားဆီး/ဖမ်းဆီးရမိမှု ၃၂၀ ရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၁၉၂၇ ဒသမ ၀၈၄ သန်းရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားချက်အရ သိရသည်။ မေလအတွင်းကလည်း အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရမိမှု ၃၁၃ မှုရှိခဲ့ပြီး လေဆိပ်၊ ဆိပ်ကမ်း အပါအဝင် ဒေသအသီးသီးမှ ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုး ကျပ် ၁ ဒသမ ၇ ဘီလျံကျော် ရှိလာကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

တရားမဝင်ကုန်စည်များ သယ်ဆောင်ရောင်းဝယ်မှုကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာများ နှစ်ပေါင်းများစွာ ကြီးမားသော ပမာဏဖြင့် နစ်နာဆုံးရှုံးလျက်ရှိကြောင်း၊ တရားမဝင် ကုန်စည်များတွင် ပြည်သူများ စားသုံးရန် မသင့်သော၊ ကျန်းမာရေးကို ထိခိုက်စေသော ကုန်စည်များ၊ အရည်အသွေး ညံ့ဖျင်းသော ကုန်စည်များ ပါရှိနေကြောင်း၊ တရားမဝင် ကုန်စည်များ ဝင်ထွက်မှုကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ထိခိုက်နစ်နာ လျက်ရှိကြောင်း၊ တရားမဝင် ကုန်စည်များနှင့်အတူ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ စသည့် တစ်မျိုးသားလုံး လုံခြုံရေးနှင့် စာရိတ္တကို ထိခိုက်စေမည့် ပစ္စည်းများလည်း ပါဝင်နိုင်ကြောင်း၊ တရားမဝင် ကုန်စည်များ တားဆီးရေးသည် နိုင်ငံတော်အနေဖြင့် မဖြစ်မနေ လုပ်ဆောင်သင့်သည့် အစီအစဉ်တစ်ခု ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent