မန္တလေးမြို့ ၆၈ လမ်းရှိ ရဲသိပ္ပံကျောင်းတိုက်ခန်းများတွင် ဝယ်ယူနေထိုင်သူများ၏ ခံဝန်ကတိအရ အင်အားသုံးဖယ်ရှားမည့် အစီအစဉ် သြဂုတ်လကုန်အထိ ရွှေ့ဆိုင်း

မန္တလေးမြို့ ၆၈ လမ်းရှိ ရဲသိပ္ပံကျောင်းတိုက်ခန်းများတွင် ဝယ်ယူနေထိုင်သူများ၏ ခံဝန်ကတိအရ အင်အားသုံးဖယ်ရှားမည့် အစီအစဉ် သြဂုတ်လကုန်အထိ ရွှေ့ဆိုင်း
Published 6 August 2018

အင်အားသုံးဖယ်ရှားရန် ရောက်ရှိလာသည့် လူအင်အားအလုံးအရင်းကို တွေ့ရစဉ်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၈ လမ်း၊ ၂၈x၂၉ လမ်းကြားရှိ ရဲအရာအရှိ အတတ်သင်ကျောင်းတိုက်ခန်းများတွင် နေထိုင်သူများကို သြဂုတ် ၂ ရက်အတွင်း ပြောင်းရွှေ့ကြရန် ရဲတပ်ဖွဲ့မှ ခေါ်ယူအသိပေးမှုပြုလုပ်ခဲ့ပြီး ဖယ်ရှားခြင်းမရှိပါက အင်အားသုံး ဆောင်ရွက်သွားမည့်အစီအစဉ်အား တိုက်ခန်းဝယ်ယူထားသူများ၏ ခံဝန်ကတိလက်မှတ်ဖြင့် သြဂုတ်လကုန်အထိ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

သြဂုတ် ၅ ရက် နံနက်ပိုင်းက ဖျက်သိမ်းဖယ်ရှားမည့် အစီအစဉ်အား အဆိုပါ ၆၈ လမ်း၊၂၈ လမ်းနှင့် ၂၉ လမ်းကြားတွင် ရဲတပ်ဖွဲ့မှ လူအင်အား အလုံးအရင်းဖြင့် လမ်းပိတ်ဆို့ကာ စတင်ဆောင်ရွက်ခဲ့ပြီး တိုက်ခန်းဝယ်ယူထားသူများ၏ ညှိနှိုင်းမှုအရ ဖယ်ရှားဖျက်သိမ်းခြင်းကို သြဂုတ်လကုန်ပိုင်းအထိ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်ကာ လကုန်ပါက ထွက်ခွာပေးပါမည်ဟု ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ခြင်းဖြစ်သည်။

အဆိုပါဖယ်ရှားထွက်ခွာပေးရန် အသိပေးထားသည့် လူနေတိုက်ခန်းများမှာ ၁၉၉၆ ခုနှစ်က ရဲအတတ်သင်သိပ္ပံကျောင်း သက်သာကော်မတီမှ ဆောက်လုပ်ရေးကုမ္ပဏီအား လုပ်ပိုင်ခွင့်ချထားပေးကာ ဆောက်လုပ်၍ ရောင်းချခဲ့သည့် လူနေနှစ်ထပ်တိုက်ခန်းများဖြစ်ပြီး လူနေဆိုင်ခန်းပေါင်း ၃၀ ရှိ ကြောင်း သိရသည်။

“ကျွန်တော်တို့ လိုအပ်လို့ ဒီမြေကိုပြန်ယူမယ်။ ဖျက်မယ်။ အချိန်ကတော့ သိပ်မရပါဘူး။ သောကြာ၊ စနေနှစ်ရက်ပဲ အချိန်ပေးနိုင်ပါတယ်။ တနင်္ဂနွေနေ့မှာ ဆိုင်ခန်းရှင်များကို အင်အားသုံးဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ပြောချင်တာကတော့ မိမိတို့ပစ္စည်းတွေကို အပြီးပြောင်းရွှေ့ထားကြပါဆိုတာကို ကြိုတင်ပြီး သတိပေးခြင်းဖြစ်ပါတယ်”  ဟု ရဲ မှူးကြီးမင်းအောင်က သြဂုတ် ၃ ရက်က ဆိုင်ခန်းရှင်များအား ခေါ်ယူတွေ့ဆုံပွဲတွင် ပြောကြားသည်။

“ခံဝန်ကတိလက်မှတ်ထိုးရင် လကုန်အထိ နေလို့ရမယ်။ လက်မှတ်မထိုးရင်ကနေ့ပဲ ဆွဲထုတ်မယ်ဆိုတော့ ကျွန်တော်တို့လည်း လက်မှတ်ထိုးရတော့တာပဲ။ ဘာမှမတတ်နိုင်ပါဘူး” ဟု တိုက်ခန်းရှင်တစ်ဦးက ဆိုသည်။

အဆိုပါလူနေတိုက်ခန်းများမှ ကာလတန်ကြေးတစ်စုံတစ်ရာ ပေးခြင်းမရှိဘဲ ဖယ်ရှားထွက်ခွာပေးရမည်ဖြစ်ခြင်းကြောင့် ဝယ်ယူထားသူများအနေဖြင့် နစ်နာမှုများ၊ အခက်အခဲဖြစ်ပေါ်မှုများကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဆက်လက်နေထိုင်ခွင့်ရရှိရန် အသနားခံစာတင်ပြခဲ့ပြီး စိစစ်ဆောင်ရွက်သွားမည်ဟု ပြန်ကြားထားသော်လည်းနေထိုင်သူများမှာ လက်မဲ့အနေအခြေအနေဖြင့် ထွက်ခွာပေးရတော့မည်ဖြစ်ကြောင်း ပြောဆိုကြသည်။

အခြေအနေကတော့ ဘာမှမတတ်နိုင်တော့ဘူး။ ဒီတိုင်းဆင်းပေးကြရတော့မှာ။မနက်ကဆိုရင် ၅ နာရီခွဲ ၆ နာရီလောက်ရှိ သေးတာ။ လူအုပ်ကြီးက ရောက်လာတော့ အတော်လေးကြောက်သွားတယ်။ ပြောရရင် ဘာပစ္စည်းတွေမှ မသိမ်းဆည်းရသေးဘူး။ အိမ်မှာက အမျိုးသမီးတွေပဲရှိတာဆိုတော့ ရင်တွေတောင် တုန်ပါတယ်။ ဆွဲထုတ် ဆွဲချမယ်ဆို ကြောက်တာပေါ့။ ဒါကြောင့် အခုလကုန်မှာ အပြီးပြောင်းပေးပါမယ်ဆိုတဲ့ ံဝန် ကတိလက်မှတ်ထိုးလိုက်ပြီး အိမ်အငှားရှာဖို့ စီစဉ်ရမှာပဲ” ဟု အဆိုပါတိုက်ခန်းတွင် ဝယ်ယူနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါလူနေတိုက်ခန်းများမှာ ရဲသိပ္ပံကျောင်းဂရန် မြေဧရိယာအတွင်းမပါဝင်သောကြောင့်  ၉၉၅ ခုနှစ်အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) ဥပဒေဖြင့် ဆောင်ရွက်ရန်မသင့်ကြောင်း နေထိုင်သူများမှ ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ အတင်းအကျပ် ဖယ်ရှားစေခြင်းမှာ ပြည်သူတင်မြှောက်ထား သည့်အစိုးရအဖွဲ့အား အကျပ်အတည်းဖြစ်စေရန် လုပ်ဆောင်မှုဖြစ်ကြောင်း သုံးသပ်မှုများ ရှိခဲ့ကြသည်။

“ဒီအတိုင်းထွက်ပေးရမယ်ဆို မျှတမှုမရှိပါဘူး။ ကျွန်တော်တို့က ဝယ်ယူနေထိုင်ခဲ့တာ။ ကျူးကျော်ထားတာ မဟုတ်ဘူး။ အစားမြေနေရာဖြစ်ဖြစ်၊ ကာလပေါက်ဈေး ဖြစ်ဖြစ် စီစဉ်ပေးစေချင်တယ်။ အခု ဝါတွင်းကာလ ဖြစ်တော့ ပြောင်းရွှေ့ဖို့ အခက်အခဲရှိတယ်။ နောက်ပြီး ပြောင်းဖို့ မရှိတဲ့သူတွေ ဘယ်လိုလုပ်မလဲ”  ဟု အဆိုပါတိုက်ခန်းတွင် နှစ် ၂၀ ကျော်နေထိုင်လျက်ရှိသည့် မုန့်လုပ်ငန်းရှင် ဦးမျိုးအောင်က ပြောကြားသည်။

Most Read

Most Recent