<

ကချင်ပြည်နယ် ဆင်ဘိုဒေသ မြစ်ရိုးကျေးရွာများတွင် မိုင်းအန္တရာယ် မြင့်မားနေပြီး တောပင်လုံ၊ ပင်တော်၊ မှန်ကင်းကျေးရွာများအနီးရှိ တောတန်းများတွင် နေ့စဉ်နီးပါး ပေါက်ကွဲမှုများရှိနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုဒေသ မြစ်ရိုးကျေးရွာများတွင် မိုင်းအန္တရာယ်မြင့်မားနေပြီး မိုင်းနင်းမိမှုကြောင့် ကျွဲ၊ နွားများ ဆက်တိုက်သေဆုံးနေကြောင်း ဒေသခံများက ဆိုသည်။ လက်ရှိတွင် ဆင်ဘို တိုက်နယ်ရှိ တောပင်လုံ၊ ပင်တော်၊ မှန်ကင်း စသည့်ကျေးရွာအနီးရှိ တောတန်းများတွင် နေ့စဉ်နီးပါး ပေါက်ကွဲမှုများ ဖြစ်ပေါ်နေ ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “တောပင်လုံ၊ ပင်တော်၊ မှန်ကင်းရွာတွေနဲ့ နီးတာပေါ့။ ရွာတွေက ကွင်းထဲမှာ ကွင်းလွန်ရင် တောတန်းပဲ။ အဲဒီတောတန်းမှာ ထောင်နေတာ။ အထူးသဖြင့် ကျွဲ၊ နွားစားကျက်ဖြစ်တဲ့ တောထဲပေါ့။ ကျွဲ၊ နွားတွေကို နှစ်လအတွင်း ၁၀ ကောင်လောက် ဖြစ်သွားတာ။ လူတော့ မသွားရဲဘူး။ မိုင်းက များနေတာကြာပြီ။ ဇွန်လပိုင်းမှာ အများဆုံးဖြစ်လာတာ။ ဘယ်သူ့ကိုမှ မပြောရဲဘူးလေ။ နေ့လယ်တောင် နေပူ၊ မိုးရွာဆိုရင် ဒီအတိုင်းကွဲနေတာ။ ကျွဲ၊ နွားတွေလည်း အခြားနေရာ ပြောင်းရတာပေါ့။ စစ်ကြောင်းတွေလည်း မလာပါဘူး။ အခုက လယ်နဲ့စပ်တဲ့ တောနဲ့ ကွင်းဘက်တွေမှာ ထောင်တာ။ ကြားတာက ရွာတွေမှာ ပြည်သူ့စစ်တွေဆိုလား လုပ်မယ်ဆိုတော့ ကေအိုင်အေဘက်က လုပ်တာလို့ ဆိုတယ်။ ဆက်ကြေးလေးဘာလေး တောဘက်က ကောက်တော့ မခံချင်ဘူးလေ။  ဒီမှာက ဘယ်သူကို အဖေခေါ်ရမှန်းမသိဘူး။ ကေအိုင်အေစခန်းနဲ့တော့ အဝေးကြီးဗျ။ မိုင်းနဲ့ပတ်သက်ပြီး ပညာပေးအဖွဲ့လာတယ်။ဆက်ပြီးထောင်နေရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ဒေသမှာတော့ သုံးလေးနှစ်အတွင်းဆိုရင် မိုင်းထိတာ ၁၀ ဦးမှာ သုံးဦးသေ၊ သုံးဦး ခြေပြတ်ပေါ့”  ဟု ပြောကြားသည်။

၂၀၁၆ ခုနှစ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ သုံးဦး အထိရှိလာသည့် ဆင်ဘိုမြို့ဒေသခံ အင်အား ၁၀၀၀ ခန့်ဖြင့် စက်တင်ဘာ ၂၆ ရက်က ဆန္ဒထုတ်ဖော်ခဲ့သည်။ မိုင်းထောင်ပေါက်ကွဲမှုများကြောင့် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာ တောင်သူများနှင့် ဆင်ဘိုကျေးရွာမှ တောင်သူများမှာ တောင်ကြောအနီးရှိ လယ်ကွင်းများအား လယ်ဧက ရာနှင့်ချီ စွန့်လွှတ်ခဲ့ရပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကေအိုင်အိုနည်းပညာအကြံပေးအဖွဲ့ရုံးသို့ မိုင်းများရှင်းလင်းပေးရန် ၂၀၁၅ ခုနှစ် အတွင်းက တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ် တပ်မတော်နှင့် ကေအိုင်အေတို့ ငြိမ်းချမ်းရေးပျက်ပြယ်ပြီးနောက်ပိုင်း လစဉ်မိုင်းပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ရှိနေခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက “လွန်ခဲ့တဲ့ ဇွန်လ၊ ဇူလိုင်လထဲမှာတော့ ဒဏ်ရာရတာ တစ်လကို တစ်ဦးစီပဲရှိတယ်။ ရထားမိုင်းခွဲခံရဖြစ်စဉ်တို့၊ မိုင်းတွေ့ရှိ မှုဖြစ်စဉ်တို့လည်း ရှိပါတယ်။ နမ္မတီးဘက်က မျှစ်ချိုးသွားတဲ့ အမျိုးသမီးက မြစ်ကြီးနား ပြည်သူ့ဆေးရုံကတောင် မဆင်းသေးဘူးထင်တယ်။ သြဂုတ်လထဲမှာတော့ ရွှေကျင်သွားတဲ့ မိသားစုသုံးဦး အင်းတော်ကြီးဒေသမှာ မိုင်းနင်းတယ်။သူတို့လည်း မြစ်ကြီးနား ပြည်သူ့ဆေးရုံရောက်လာတယ်လို့ သိရတယ်”  ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဇန်န၀ါရီမှ သြဂုတ် ၃ ရက်အထိ ခုနစ်လအတွင်း မိုင်းနင်းပေါက်ကွဲမှု ၇၁ ကြိမ်၊ ဒဏ်ရာရ ၇၄  ဦး၊ သေဆုံး ရှစ်ဦးအထိရှိခဲ့ကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။ ယခုနှစ်တွင် မိုင်းပေါက်ကွဲမှုအများဆုံးမှာ တနိုင်းဒေသ၊ ဖားကန့်ဒေသတွင် အမြင့်ဆုံးဖြစ်နေပြီး ရက်ဆက်ပေါက်ကွဲမှုများပါ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မှတ်တမ်းများအရ မိုင်းပေါက်ကွဲမှုများ မှာ ပယင်းရှာခြင်း၊ ရွှေကျင်သွားခြင်း၊ အမဲလိုက်ခြင်း၊ ကျွဲ၊ နွားရှာခြင်း၊ ငါးရှာခြင်း၊ တောင်ယာနှင့် လယ်ချုံများရှင်းလင်းခြင်း၊ မျှစ်ချိုးသွားခြင်း၊ ဟင်းသီးဟင်းရွက်ခူးသွားခြင်းစ သည့် အကြောင်းများကြောင့် ဖြစ်နေကြောင်း  သိရသည်။

August 5, 2018














Copy Protected by Chetan's WP-Copyprotect.