<

ပဲခူးမြို့ရှိ Melody Global ဖိနပ်စက်ရုံမှ ပျောက်ဆုံးခဲ့သော ၀န်ထမ်းလစာ သိန်းတစ်ထောင်ကျော် ရဲတပ်ဖွဲ့၏စစ်ဆေးမှုအရ ပြန်လည်ရရှိ

ပဲခူးမြို့ ညောင်အင်းကျေးရွာအနီး ပြည်ပစက်မှုဇုန်ရှိ Melody Global ဖိနပ်စက်ရုံရှိ ၀န်ထမ်း ၉၀၀ ကျော်အား ပေးမည့်လစာ သိန်းတစ်ထောင်ကျော်မှာ သြဂုတ် ၄ ရက် နံနက်ပိုင်းက ပျောက်ဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၏ ကူညီစုံစမ်းရှာဖွေမှုကြောင့် အမှုဖွင့်ပြီး တစ်နာရီခန့်တွင် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့ညောင်အင်းကျေးရွာအနီး ပြည်ပစက်မှုဇုန်ရှိ Melody Global ဖိနပ်စက်ရုံမှ အထွေထွေမန်နေဂျာမှာ သြဂုတ် ၄ ရက် နံနက် ၈ နာရီခန့်က စက်ရုံဝန်ထမ်း ၉၀၀ ကျော်အားပေးမည့် ငွေသိန်းတစ်ထောင်ကျော် ထည့်ထားသော ရုံးခန်းထဲသို့ ၀င်သွားရာ သိန်းတစ်ထောင်ကျော် ထည့်ထားသော ငွေထုပ်များမရှိတော့၍ ပဲခူးမြို့အမှတ် (၃) ရဲစခန်းတွင် လက်ထောက်မန်နေဂျာ ဦးအေးလင်းထွန်းက မွန်းလွဲ ၁၂ နာရီခွဲတွင် တရားလိုလုပ်၍ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

ထိုသို့ တိုင်ကြားမှုကြောင့် ပဲခူးမြို့နယ် ရဲတပ်ဖွဲ့နှင့် အမှတ် (၃) ရဲစခန်းမှ ရဲဝန်ထမ်းများ၏ စစ်ဆေးရှာဖွေမှုအရ ပျောက်ဆုံးသွား သော သိန်းတစ်ထောင်ကျော်တွင် ၆၁ သိန်း မှလွဲ၍ အားလုံးနီးပါး ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

“ပျောက်တာက စက်ရုံဝန်ထမ်း ၉၀၀ ကျော်ရဲ့ လစာ ၁၂၃၇ သိန်းနဲ့ ၅၀၀၀ ကျပ် ၁၂၃၇၀၅၀၀၀ ပျောက်တာပါ။ လက်ဆွဲအိတ် အနက်ငါးလုံးနဲ့ ကြွပ်ကြွပ်အိတ် အဖြူနှစ်လုံးနဲ့ ထည့်ထားတာလို့ သိရပါတယ်။ ကျွန်တော်တို့ စခန်းမှာ လာတိုင်ပြီးတော့ ချက်ချင်းသွားပြီး စစ်ဆေးဆောင်ရွက်ခဲ့တာပါ။ ပိုက်ဆံက တစ်ထောင်တန်တွေများတယ်ပြောတော့ အလွယ်သယ်ယူလို့ မဖြစ်နိုင်သေးဘူးလို့ ယူဆပြီး ခိုးပြီး အလွယ်ဖွက်ထားနိုင်တဲ့ နေရာတွေ ရေမြောင်းတွေကိုရှာတဲ့အခါ တစ်ထုပ်ကို သိန်းနှစ်ရာနှုန်းထည့်ထားတဲ့ အိတ်ငါးအိတ်နဲ့ ကြွပ်ကြွပ်အိတ် တစ်အိတ် စုစုပေါင်း ခြောက်အိတ် ပြန်ရတယ်။ ၆၁ သိန်းခန့် ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်တစ်လုံးတော့ မတွေ့သေးဘူး။ ၁၁၇၆ သိန်းနဲ့ ကျပ် ၅၀၀၀ ကိုတော့ပြန်ရပြီးပါပြီ”  ဟု စခန်းမှူး ရဲအုပ်စန်းဝင်းသန်းက ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ အမှတ် (၃) ရဲစခန်းတွင် (ပ) ၁၀၆၅/ ၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ အရ အဆောက်အအုံတွင်းမှ ခိုးယူမှုဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

August 5, 2018














Copy Protected by Chetan's WP-Copyprotect.