ဆာရီထံမှ လေ့လာသင်ယူသွားမည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောကြား

ဆာရီထံမှ လေ့လာသင်ယူသွားမည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောကြား
Published 5 August 2018

Photo: Getty Images

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ချယ်လ်ဆီးနည်းပြ ဆာရီထံမှ အပတ်စဉ်လေ့လာသင်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးနည်းပြသစ် ဆာရီက ဂွါဒီယိုလာမှာ လက်ရှိတွင် ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်သည်ဟု ချီးကျူးပြောဆိုခဲ့ပြီး မန်စီးတီးနည်းပြကလည်း ဆာရီကို အခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဂွါဒီယိုလာက "ပရီးမီးယားလိဂ်သို့ ဆာရီ ရောက်လာတာကို ကျွန်တော် ဝမ်းသာပါတယ်။ ကျွန်တော်အနေနဲ့ အပတ်စဉ်တိုင်း ဆာရီရဲ့အသင်းကို ကြည့်ပြီး လေ့လာသင်ယူသွားမှာပါ။ သူ့စိတ်ကူးတွေကြောင့် ကျွန်တော်တို့အသင်း ပိုတိုးတက်လာမှာပါ။ ချယ်လ်ဆီးအသင်း ရာသီကြိုပွဲစဉ် (၃)ပွဲကို ကျွန်တော် ကြည့်ပြီးပါပြီ။ အချိန်သိပ်မကြာသေးပေမယ့် ချယ်လ်ဆီးအသင်းက သူကစားစေချင်သလို ကစားနိုင်နေပါပြီ။ သူ့အနေနဲ့ အချိန်ပိုယူဖို့ လိုတယ်ဆိုပေမယ့် အခုအချိန်မှာ သူ့ရဲ့ပုံစံကို ချယ်လ်ဆီးအသင်းမှ မြင်တွေ့နေရပါပြီ။ ကျွန်တော်ကတော့ ဆာရီဟာ ပရီးမီးယားလိဂ်နဲ့ သင့်တော်တဲ့ နည်းပြလို့ မြင်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အရင်ကတည်းက ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်ခဲ့သလို အခုလည်း ခက်ခဲဦးမှာပါ။ ဆာရီကြောင့် ချယ်လ်ဆီးအသင်းက ပိုကောင်းလာမှာပါ"ဟု ပြောကြားခဲ့သည်။

Photo: Getty Images

မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့သည် ကွန်မြူနတီဒိုင်းပွဲအဖြစ် တနင်္ဂနွေနေ့ (မြန်မာစံတော်ချိန် ည ၈း၃၀ နာရီ)တွင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂွါဒီယိုလာက ၎င်းတို့အနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းမီ ကစားသမားတစ်ဦး ခေါ်ယူဖွယ်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ဂွါဒီယိုလာက "ကျွန်တော်တို့အနေနဲ့ အရည်အသွေးမြင့်တဲ့ ကစားသမားတစ်ယောက်လောက် ထပ်ခေါ်နိုင်မလားဆိုတာ စောင့်ကြည့်မှာပါ။ သေချာကတော့ ကျွန်တော်တို့အနေနဲ့ လူစာရင်းမှာ ကစားသမားတစ်ယောက်တိုးရင် ပြီးရောဆိုပြီး ဝယ်ယူမှာ မဟုတ်ပါဘူး။ အနာဂတ်အတွက် အသုံးဝင်မယ့် ကစားသမားမျိုးမှ ဝယ်မှာပါ။ ကျွန်တော့်အနေနဲ့တော့ အသင်းရဲ့ လက်ရှိလူစာရင်းကို ကျေနပ်မှုအပြည့်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent