<

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် ဖားကန့်နှင့် ဥရုမြစ်ကြောင်းနံဘေးရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်ပွား

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်ဒေသတွင် ရေကြီးရေလျှံ ဖြစ်နေသည်ကို သြဂုတ် ၄ ရက်က တွေ့ရစဉ်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသနှင့် ဥရုမြစ်ကြောင်းနံဘေးရှိ ကျေးရွာများတွင် သြဂုတ် ၄ ရက်ညနေပိုင်းက ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လုံးခင်းကျေးရွာတံတားဝန်းကျင် ရပ်ကွက်များနှင့် လုံးခင်းကျောက်ဝိုင်း၊ ဖားကန့်မြို့ပေါ် လေးရပ်ကွက်နှင့် ကျောက်ဝိုင်းများ ရေကြီးရေလျှံနေကြောင်း ဒေသခံတို့က ပြောကြားသည်။

ဖားကန့်မြို့မှ ကျောက်လုပ်ငန်းလုပ်ကိုင်သူ ကိုဂျူက “ကျောက်စိမ်းတောင် ကြိုးတံတား ထိနေတယ်။ ရေတက်နေတုန်းပဲ။ မိုးက အတော်သည်းခဲ့တာကိုး။ မြို့မရယ်၊ ငှက်ပျောတောရယ်၊ ကျောက်ဝိုင်းရယ်ကတော့ မြုပ်နေပြီ။ လုံးခင်းဘက်လည်း ကျောက်ဝိုင်း ရေမြုပ်နေတယ်” ဟု ဆိုသည်။

ယခုအကြိမ် ရေကြီးမှုမှာ ဖားကန့်ဒေသတွင် ယခုနှစ်အတွင်း တတိယအကြိမ် ရေလွှမ်းခြင်းဖြစ်ပြီး လွန်ခဲ့သည့် ဇွန် ၂ ရက်က ဖားကန့်နှင့် လုံးခင်းတွင် ရေကြီးမှုဖြစ်ပွားကာ အိမ်ခြေရာနှင့်ချီ နစ်မြုပ်ခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန် ၂၂ ရက်တွင် ဖားကန့်ဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးကာ လေးဦးပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသ၌ ရေကြီးလျှံမှုမှာ ဥရုချောင်းမြစ်ကြမ်းပြင် ဆယ်ယူရာတွင် နည်းမကျမှု၊ စွန့်ပစ်မြေစာများ ဥရုချောင်းအတွင်း တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ကျရောက်နေခြင်း၊ ရေမြောင်း ပိတ်သည့် အနေအထားကြောင့် ယခုကဲ့သို့ ရေလျှံခြင်းကို ကြုံတွေ့ရခြင်းဖြစ်ကြောင်း၊ ဖားကန့်မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ကချင်ပြည်နယ် လွှတ်တော်တွင် ဆွေးနွေးခြင်းများ ရှိခဲ့သည်။

ဖားကန့်ဒေသရှိ ကျောက်မျက်တူးဖော်ခဲ့သည့် စွန့်ပစ်မြေစာများကို နှစ်ပေါင်းများစွာ ဥရုမြစ်အတွင်း စွန်ပစ်မှုကြောင့် မြစ်ကြမ်းပြင် ပေ ၃၀ နီးပါးမြင့်တက်ပြီး ဥရုမြစ်ဘေးဝန်းကျင်ရှိ ကျေးရွာများ နှစ်စဉ်ရေကြီးမှုဒဏ်ကို ခံနေရခြင်းဖြစ်သည်။

ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းက ဖားကန့်မြို့နယ်တွင် ဥရုမြစ်နံဘေး ကျေးရွာ ၂၀ ခန့်နှင့် မြို့များအားလုံး ဥရုမြစ်ကြမ်းပြင် မြင့်တက်မှုကြောင့် နှစ်စဉ် ရေလွှမ်းဒဏ် ခံနေရကြောင်း၊ အိမ်ခြေရာနှင့်ချီ ထိခိုက်ခဲ့ကြောင်း၊ မြစ်ကြောင်း ရှင်းလင်းရေး ကော်မတီ ဖွဲ့ထားသော်လည်း လုပ်ပိုင်ခွင့်နှင့် တာဝန် ပေးအပ်ထားခြင်း မရှိသဖြင့် နှစ်စဉ်ဆယ်ယူမှုနှင့် ချောင်းအတွင်း မြေစာပြန်ကျမှု ထပ်တူနီးပါးသာ ဖြစ်သဖြင့် တိုးတက်မှု မရှိကြောင်း၊ မြစ်ကြောင်း ရှင်းလင်းရေးနှင့် ယင်းနှင့်ဆက်စပ်သည့် စွန့်ပစ်မြေစာပုံများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းမှသာ နောင်နှစ်ပေါင်းများစွာတွင် တဖြည်းဖြည်း အဆင်ပြေနိုင်ကြောင်း ပြည်နယ်လွှတ်တော်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းမေးမြန်းမှုနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်က ဖားကန့်ဒေသတွင် ဥရုမြစ်ကြမ်းပြင် မြင့်တက်လာပြီး နှစ်စဉ် ရေကြီးရေလျှံ ဖြစ်ပေါ်နေမှုကြောင့် ဥရုမြစ်ထိန်းသိမ်းရေး လုပ်ငန်းကို ပြည်ထောင်စုအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၏ လမ်းညွှန်ချက်အရ လုံးခင်းအခြေစိုက် ကျောက်မျက်တူးဖော်ရေးမှ ရပ်မိရပ်ဖများ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်မျက် ကုမ္ပဏီများကိုလည်း စနစ်တကျ မြေစာစွန့်ပစ်ရေး ဆောင်ရွက်နေကြောင်း၊ စွန်ပစ်မြေစာပုံများ ဥရုမြစ်အတွင်း ပြိုကျခြင်းများကို တွေ့နေရကြောင်း၊ ယခုကုမ္ပဏီများကို တူးဖော်စေရာတွင် EMP (ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်) များကို စနစ်တကျ ရေးဆွဲစေကြောင်း၊ ဥရုမြစ် ရှင်းလင်းရေး လုပ်ငန်းများ၊ မြေစာပုံစောင့်ကြည့်ရေး လုပ်ငန်းများလည်း ပါဝင်ကြောင်း၊ ထို့ကြောင့် ချောင်းရှင်းလင်းရေး ကော်မတီနှင့် မြေစာပုံစောင့်ကြည့်ရေး ကော်မတီအား စည်ပင်သာယာ ကော်မတီများကဲ့သို့ စနစ်တကျ ရွေးချယ်ဖွဲ့စည်းပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားခဲ့သည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများက စွန့်ပစ်မြေစာများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ဥရုမြစ် နှစ်စဉ် နှစ်ပေနီးပါး တိမ်ကောလာမှုကို ဖားကန့်မြို့ အပါအ၀င် ကျေးရွာများ ရေရှည်တည်တံ့ရန် ဒေသခံများက ဒုတိယသမ္မတ အပါအ၀င် သက်ဆိုင်ရာသို့ ၂၀၁၄ ခုနှစ်က တိုင်ကြားခဲ့ကြောင်း သိရသည်။

August 4, 2018














Copy Protected by Chetan's WP-Copyprotect.