<

အစိုးရတစ်ရပ်ကို ပြုတ်ကျစေနိုင်သော ငွေကြေးအကျပ်အတည်းအား အထင်မသေးရန် ဒေါက်တာဦးမြင့် သတိပေး

အစိုးရတစ်ရပ်ကို ပြုတ်ကျစေနိုင်သော ငွေကြေးအကျပ်အတည်းအား အထင်မသေးရန် ဘောဂဗေဒပညာရှင် ဒေါက်တာဦးမြင့်က သြဂုတ် ၄ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် “ငွေကျပ်လဲလှယ်နှုန်း ဘာတွေဖြစ်နေသလဲ” ဟောပြောပွဲ၌ သတိပေး ပြောကြားသည်။

မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသော ကျပ်ငွေတန်ဖိုး ကျဆင်းနေသည့် ငွေကြေးလဲလှယ်နှုန်း အခြေအနေအပေါ် ၁၉၉၇၊ ၁၉၉၈ ခုနှစ် ငွေရေးကြေးရေး အကျပ်အတည်းတွင် အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေနှင့် နှိုင်းယှဉ်၍ ဒေါက်တာဦးမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“၁၉၉၇၊ ၁၉၉၈ ခုနှစ်တုန်းက အင်ဒိုနီးရှားမှာ ဘာနဲ့စသလဲဆိုတော့ Currency Problem နဲ့စတာ။ ငွေကျပ်တာကနေစတာ။ ကောင်းကောင်းမလုပ်တတ်တာနဲ့ ဘာဖြစ်သွားလဲဆိုတော့ ငွေရေးကြေးရေး ပြဿနာ (Financial Problem) ဖြစ်သွားတယ်။ ငွေကြေးပြဿနာ (Currency Problem) ကနေ ငွေရေးကြေးရေး ပြဿနာ (Financial Problem) ဖြစ်သွားတယ်။ အဲဒီကနေ စီးပွားရေးပြဿနာ (Economic Problem) ဖြစ်လာတယ်။ နောက်တော့ လူမှုရေးပြဿနာ (Social Problem) ဖြစ်လာတယ်။ အဲဒီကနေ နိုင်ငံရေးပြဿနာ (Political Problem) ဖြစ်လာတယ်။ နောက်တော့ (Security Problem) ဖြစ်လာတယ်။ ဆန္ဒပြကြတယ်။ အစိုးရ ပြုတ်ကျသွားတယ်။ စတာကတော့ Currency နဲ့ စတယ်။ နောက် Financial ဖြစ်လာတယ်။ Economic ဖြစ်တယ်။ Social ဖြစ်လာတယ်။ နောက်ပိတ်ဆုံးမှာ အစိုးရ ပြုတ်ကျသွားတယ်။ အင်ဒိုနီးရှားမှာ ဖြစ်ခဲ့တာ။ သတိထားဖို့ Currency ကို သွားပြီး အထင်မသေးပါနဲ့” ဟု ဒေါက်တာဦးမြင့်က ဆက်လက်ပြောကြားသည်။

NLD အစိုးရ လက်ထက်တွင် မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင် ကျဆင်းနေပြီး စီးပွားရေးလုပ်ကိုင်မှု အခြေအနေမှာလည်း လုပ်သာကိုင်သာ မရှိသော အခြေအနေ ဖြစ်နေသည်။ ပြည်သူများအကြား ကျပ်တည်းမှု မြင့်တက်နေသကဲ့သို့ ၂၀၁၈ ခုနှစ်သည် စီးပွားရေး အကျဆင်းဆုံးနှစ် ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်က ထုတ်ပြန်ထားသည်။

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုအဖြစ် သြဂုတ် ၃ ရက်တွင် အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်မှုကြောင့် တရုတ်ယွမ်ငွေတန်ဖိုး ထိုးဆင်းသွားပြီး ပြည်တွင်းဈေးကွက်၌ နိုင်ငံခြား ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၄၆၂ ကျပ်အထိ စံချိန်တင် ဆက်လက်မြင့်တက်ကာ ရက် ၅၀ ကျော်အတွင်း ကျပ်ငွေတန်ဖိုး ကိုးရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်။

၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် တစ်ဒေါ်လာ ၁၂၁၆ ကျပ်ဖြင့် စတင်တာဝန်ယူခဲ့သည့် NLD အစိုးရ လက်ထက်တွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ၂၀၁၈ ခုနှစ် သြဂုတ် ၃ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၄၃၁ ကျပ်ဖြစ်သဖြင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ တစ်ဒေါ်လာ ၂၁၅ ကျပ်အထိ ဖြစ်လာနေသည်။

NLD အစိုးရလက်ထက်တွင် မြန်မာ ကျပ်ငွေတန်ဖိုး ကျဆင်းမှုများအဖြစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ် စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် စံချိန်ချိုးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ၁၄၄၃ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြ ဂုတ် ၂ ရက်တွင် ၁၄၅၁ ကျပ်၊ သြဂုတ် ၃ ရက် တွင် ၁၄၆၂ ကျပ်အထိ စံချိန်တင်ဆက်လက် မြင့်တက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန်လဒုတိယ ပတ်မှစ၍ ဒေါ်လာဈေး မြင့်တက်ခဲ့ခြင်းဖြစ် ပြီး ဇွန် ၁၁ ရက်မှ သြဂုတ် ၃ ရက်အတွင်း တစ် ဒေါ်လာ ၁၁၆ ကျပ်အထိ မြင့်တက်ကာ ယင်းကာလအတွင်း  မြန်မာကျပ် ငွေတန်ဖိုး ၈ ဒသမ ၆၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ထိုသို့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုနှင့် အတက်ကြမ်း၊ အကျကြမ်း ဖြစ်စဉ်များကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မလာတော့ခြင်းနှင့် ကျပ်ငွေတန်ဖိုး ကာလတိုအတွင်း ရုတ်တရက် မြင့်တက်ခြင်းမှာ အန္တရာယ် ကြီးသည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်းနှင့် ကမ္ဘောဇဘဏ်၏ အကြီးတန်း အတိုင်ပင်ခံပုဂ္ဂိုလ် ဦးသန်းလွင်က သြဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

“သတိထားမိဖို့က အခုလို လဲလှယ်နှုန်း တအားကျတယ်။ မြန်မာကျပ်ငွေတန်ဖိုး မတရားကျနေတယ်ဆိုရင် အတက်မြန်ရင်လည်း အကျမြန်တတ်တယ်။ အတက်ကြမ်းရင် အကျကြမ်းတယ်။ လဲလှယ်နှုန်းတစ်ခု ဆိုတာက တစ်နေရာမှာ သင့်လျော်တဲ့ နှုန်းထားထက် ပိုတက်သွားတယ် ဆိုလို့ရှိရင် လူတွေမှာ ၀ယ်လိုအားက မရှိတော့ဘူး။ စဉ်းစားတော့မယ်။ မ၀ယ်တော့ဘူး။ ဘာညာဆိုရင် သူ့တန်ဖိုးက ပြုတ်ကျသွားတယ်။ ဆိုတော့ အဲဒီလို လဲလှယ်နှုန်းက အတက်အကျ ကြမ်းနေပြီဆိုရင် ဒီနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက မလာတော့ဘူး။ အဲဒါ မဟာသီယာ ပြောခဲ့တဲ့စကား။ သူဘာဆက်ပြောလဲဆိုတော့ လဲလှယ်နှုန်း ငြိမ်သွားအောင် လုပ်ရမယ်တဲ့။ လဲလှယ်နှုန်းတက်တယ်၊ ကျတယ်ဆိုတာက သူ့ရဲ့ စနစ်အတိုင်းပဲ။ သူ့ Economy မှာ ရှိသင့်ရှိထိုက်တဲ့ အခြေအနေ။ လဲလှယ်နှုန်း ဆိုတာက ဖြည်းဖြည်းချင်း တက်ရမယ်။ ဆရာမြင့် (ဒေါက်တာဦးမြင့်) ပြောသလို ၁၅ လအတွင်းမှာ တက်သွားတယ်ဆိုရင် ပြဿနာ မဟုတ်ဘူး။ ၁၅ လအတွင်း၊ တစ်နှစ်အတွင်း ဖြည်းဖြည်းချင်း တက်သွားတာ။ ဒါကကိစ္စမရှိဘူး။ ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာ တစ်ခါတည်းကို ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း တက်သွားရင် အဲဒါက အန္တရာယ်ကြီးတယ်။ ရုတ်တရက်ကြီး တက်သွားရင်၊ ကျသွားရင် အဲဒါက မကောင်းဘူး” ဟု ဦးသန်းလွင်က သြဂုတ် ၄ ရက်တွင် ပြောကြားသည်။

August 4, 2018














Copy Protected by Chetan's WP-Copyprotect.