သထုံမြို့တွင် ရေလွှမ်းကာလ ကြာရှည်ခြင်းကြောင့် ရေဘေးသင့်ပြည်သူ ၁၅၀၀၀ ခန့်အား အသင့်စား အစားအစာနှင့် သောက်ရေသန့်များ ထောက်ပံ့ရန် အခက်အခဲဖြစ်နေ

သထုံမြို့တွင် ရေလွှမ်းကာလ ကြာရှည်ခြင်းကြောင့် ရေဘေးသင့်ပြည်သူ ၁၅၀၀၀ ခန့်အား အသင့်စား အစားအစာနှင့် သောက်ရေသန့်များ ထောက်ပံ့ရန် အခက်အခဲဖြစ်နေ
Published 5 August 2018

သထုံမြို့ ရေကြီးမှု ရေလွှမ်းကာလ ကြာရှည်ခြင်းကြောင့် ရေဘေးသင့်ပြည်သူ ၁၅၀၀၀ ခန့်အား  အသင့်စား အစားအစာနှင့် သောက်ရေသန့်များ ထောက်ပံ့ရန် အခက်အခဲ ဖြစ်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက  သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ် သထုံမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၁၅၀၀၀ ခန့်သည် ရေဘေးသင့်နေပြီး ရေဘေးသင့် ပြည်သူများအတွက် အသင့်စားအစားအစာနှင့် သောက်ရေသန့်များ ရရှိရန် လိုအပ်နေကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ ပြောကြားချက်အရ သိရသည်။

ဇူလိုင် ၂၀ ရက်နောက်ပိုင်းမှ စတင်ကာ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ဇူလိုင်  ၂၅ ရက်မှ လက်ရှိအချိန်အထိ ရေကြီးမှုဖြစ်ပွားနေရာ သထုံမြို့နယ် အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက အစားအစာနှင့် ရေသန့်များ လိုက်လံကူညီ နေသော်လည်း ရေလွှမ်းကာလ ကြာရှည်လာသည့်အတွက် အခက်အခဲဖြစ်နေကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“နေ့စဉ် ထမင်းထုပ် ၃၀၀၀ နဲ့ ၅၀၀၀ ကြား၊ ရေသန့်ကို တစ်ရက် ၁၀ သိန်းဖိုးလောက် ပေးနေရတယ်။  ရွာ ၃၀ စာကို တစ်နေ့ကို ကျွန်မတို့ ဒီကွပ်ကဲရေးရုံးကနေထွက်တာ ငွေကြေးတန်ဖိုးအရဆို သိန်း ၅၀ နဲ့ ၆၀ ကြားမှာရှိတယ်။ ပိုက်ဆံရှိလို့ ထောက်ပံ့နိုင်တယ်ထား။ ရေသန့်က မလုံလောက်တော့ဘူး။ ကျွန်မတို့  သထုံမှာ ရေသန့်စက်ရုံ သုံးရုံရှိတယ်။ အလျင်မီအောင် မပေးနိုင်ဘူး ဖြစ်နေတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေဘေးသင့် ဒေသများတွင် ကိုယ်တိုင်ရေသန့်ပြုလုပ် သောက်သုံးနိုင်ရန်အတွက် ရေသန့်ဆေးပြား ဆေးထုပ်များ၊ တာပေါ်လင်စများ အရေးပေါ် လိုအပ်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“အကုန်ရေမြုပ်နေတော့ ထမင်းချက်စားဖို့တောင် နေရာမရှိ ဖြစ်နေတယ်။ လမ်းတွေကလည်း ရေဖုံးနေတော့ သွားလာလို့လည်း မရဘူး။ ရေလမ်းကနေ လှေနဲ့ပဲ သွားလို့ရတယ်” ဟု ဒလပန်းကျေးရွာမှ ရေဘေးဒဏ်ခံနေရသူ တစ်ဦးက ဆိုသည်။

ရေကြီးရေလျှံမှုများကြောင့် ရေတွင်းရေကန်ပေါင်း ၁၈၀၀ နီးပါး၊ အိမ်သာအလုံးရေ ၂၅၀၀ နီးပါး ရေမြုပ်ပျက်စီးသွားရာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ရှိလာနိုင်ပြီး ရေကျပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စနစ်တကျလုပ်ရန် လိုအပ်သည်ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

သထုံမြို့နယ်တွင် ကျေးရွာအုပ်စု ၄၆ အုပ်စု၊ ကျေးရွာပေါင်း ၁၇၅ ရွာ၊ လူဦးရေပေါင်း  ၂၃၅၃၇၉ ဦးရှိပြီး မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ကျေးရွာအုပ်စု ၁၈ အုပ်စုရှိ ကျေး ရွာပေါင်း ၃၀ တို့မှ အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၁၅၀၀၀ ခန့် ရေဘေးသင့်မှု ဖြစ်ပွားနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အလားတူ ကရင်ပြည်နယ်တွင်လည်း ရေကြီး ရေလျှံမှုကြောင့် စိုက်ပျိုးပြီး မိုးစပါး ဧက ၅၀၀၀ ကျော် လုံး၀ ပျက်စီးသွားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ် အတွင်းရှိ ခရိုင်လေးခရိုင်တွင် ယခုနှစ်မိုးရာသီ ကာလအတွင်း မိုးစပါး ၄၃၅၇၂၈ ဧက စိုက်ပျိုးရန် လျာထားရာ ဇူလိုင်လ တတိယပတ်ခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျရေများ စီးဆင်းခြင်းနှင့် မြစ်ရေချောင်းရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခြင်းတို့ကြောင့် စိုက်ပျိုးပြီးမိုးစပါး ၅၄၄၁၄ ဧက ရေလွှမ်းမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ရေလွှမ်းစပါး ဧကများအနက်မှ ယနေ့အထိ ၁၂၃၉၃ ဧကသာ ပြန်ပေါ်ပြီး ၅၅၆၈ ဧကမှာ လုံးဝပျက်စီးသွားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ “ပြန်ပေါ်ဖို့ကျန်တဲ့ ဧကလေးသောင်းကျော်ကနေ ဘယ်လောက် ပျက်စီးဦးမလဲဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ အရေးပေါ်ပြန်ပြီး ဆောင်ရွက်နိုင်အောင် ရေလွှမ်းတဲ့ အထဲက ဧကတစ်သောင်းလောက် ပျက်စီးထိခိုက်မှု ရှိမယ်လို့ ကြိုပြီးတော့ ခန့်မှန်းထားပါတယ်။ ပြန်ပေါ်တဲ့အချိန်နဲ့ ပြန်ပြီးတော့စိုက်ဖို့ အခြားသီးနှံ မစိုက်ဘဲနဲ့ စပါးကိုပဲ ပြန်ပြီးတော့စိုက်ဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ သက်တမ်းတိုတဲ့ စပါးမျိုးကို သုံးပြီးတော့ ပြန်စိုက်မယ်ဆိုရင် တောင်သူအနေနဲ့ အဆင်ပြေနိုင်ပါတယ်။ လက်ရှိတောင်သူ စိုက်နေတဲ့မျိုးက လေးလစပါး ရက်ပေါင်း ၁၃၅ ရက်လောက် ရှိပါတယ်။ ထိခိုက်ပျက်စီးတဲ့ နေရာတွေက လယ်တွေကို ပျိုးထောင်ပြီး ပြန်စိုက်မယ်ဆိုရင် မမီနိုင်တော့ပါဘူး။ ကြဲခင်းအနေနဲ့ပဲ ပြန်ပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မျိုးကလည်း ရက် ၉၀ သုံးလမျိုးပဲ အဆင်ပြေမှာဖြစ်ပါတယ်။ ကြဲတဲ့အခါမှာ တစ်ဧကကို တစ်တင်းခွဲကုန်ပြီး ခန့်မှန်းထားတဲ့ ဧကတစ်သောင်းအတွက် မျိုးစပါး တင်းတစ်သောင်း ငါးထောင်လောက် လိုအပ်မှာ ဖြစ်ပါတယ်” ဟု ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက ပြောကြားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ရေလွှမ်းပြီးနောက် ပြန်ပေါ်လာသော စပါးစိုက်ခင်းများအတွက် အထွက်နှုန်း မထိခိုက်စေရန်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ကွင်းဆင်း၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ကျရောက်တတ်သည့် ပိုးမွှားများအတွက် ဆေးဖျန်းစက်၊ ဆေးဖျန်းပုံးများ သိုလှောင်ထားရှိပြီး ပျက်စီးသွားသော စိုက်ခင်းများအတွက် အစားထိုး ပြန်လည်စိုက်ပျိုး နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်စုဆောင်း ထားရှိရန်နှင့် အဆင့်သင့် ပြင်ဆင်ထားရှိရန် နှိုးဆော်ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Most Read

Most Recent