လွန်ခဲ့သော အနှစ် ၂၀ ကျော်က ဝယ်ယူနေထိုင်ခဲ့သော မန္တလေးမြို့ ၆၈ လမ်းရှိ ရဲသိပ္ပံကျောင်း တိုက်ခန်းများကို ဘူဒိုဇာဖြင့်ထိုး၍ ဖျက်သိမ်းမည်ဟု ရဲတပ်ဖွဲ့က နေထိုင်သူများအား ခေါ်ယူအသိပေးခဲ့ပြီး ယနေ့ နံနက်တွင် အင်အားသုံး ဖယ်ရှားမည်ဟု သိရ

လွန်ခဲ့သော အနှစ် ၂၀ ကျော်က ဝယ်ယူနေထိုင်ခဲ့သော မန္တလေးမြို့ ၆၈ လမ်းရှိ ရဲသိပ္ပံကျောင်း တိုက်ခန်းများကို ဘူဒိုဇာဖြင့်ထိုး၍ ဖျက်သိမ်းမည်ဟု ရဲတပ်ဖွဲ့က နေထိုင်သူများအား ခေါ်ယူအသိပေးခဲ့ပြီး ယနေ့ နံနက်တွင် အင်အားသုံး ဖယ်ရှားမည်ဟု သိရ
Published 5 August 2018

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၈ လမ်း၊၂၈x၂၉ လမ်းကြားရှိ ရဲအရာအရှိ အတတ်သင်ကျောင်း တိုက်ခန်းများတွင် နေထိုင်သူများကို နှစ်ရက်အတွင်း ပြောင်းရွှေ့ကြရန် ရဲတပ်ဖွဲ့က ခေါ်ယူအသိပေးမှု ပြုလုပ်ခဲ့ပြီး ဖယ်ရှားခြင်း မရှိပါက အင်အားသုံး ဆောင်ရွက်မည်ဟု (ယခင်) သင်တန်းကျောင်း ကျောင်းအုပ်ကြီး ရဲမှူးကြီးမင်းအောင်က ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖယ်ရှားထွက်ခွာပေးရန် အသိပေးထားသည့် လူနေတိုက်ခန်းများမှာ ၁၉၉၆ ခုနှစ်က ရဲအတတ်သင် သိပ္ပံကျောင်း သက်သာကော်မတီက ဆောက်လုပ်ရေးကုမ္ပဏီအား လုပ်ပိုင်ခွင့်ချထားပေးပြီး ဆောက်လုပ်ရောင်းချခဲ့သည့် လူနေနှစ်ထပ် တိုက်ခန်းများဖြစ်ပြီး လူနေဆိုင်ခန်း ၃၀ ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ လိုအပ်လို့ ဒီမြေကိုပြန်ယူမယ်။ ဖျက်မယ်။ အချိန်ကတော့ သိပ်မရပါဘူး။ သောကြာ၊ စနေ နှစ်ရက်ပဲ အချိန်ပေးနိုင်ပါတယ်။ တနင်္ဂနွေနေ့မှာ ဆိုင်ခန်းရှင်များကို အင်အားသုံး ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ပြောချင်တာကတော့ မိမိတို့ပစ္စည်းတွေကို အပြီးပြောင်းရွှေ့ထားကြပါ ဆိုတာကို ကြိုတင်ပြီး သတိပေးခြင်း ဖြစ်ပါတယ်” ဟု ယခင် သင်တန်းကျောင်း ကျောင်းအုပ်ကြီး ရဲမှူးကြီး မင်းအောင်က သြဂုတ် ၃ ရက်တွင် ဆိုင်ခန်းရှင်များအား ခေါ်ယူတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

“ခြိမ်းခြောက်တာ မဟုတ်ပါဘူး။ ဖမ်းဆီးတာတွေ အရေးယူတာတွေ ပါလာလိမ့်မယ်။ ကျွန်တော်တို့ကို ခုခံတာပဲဖြစ်ဖြစ်၊ မဖယ်တာပဲဖြစ်ဖြစ် ဥပဒေအတိုင်း ဆောင်ရွက်သွားမယ့်အကြောင်း ပြောချင်ပါတယ်။ မဖယ်ရင် ဆွဲထုတ်မှာ ဖြစ်ပါတယ်။ ဘူဒိုဇာနဲ့ထိုးပြီး ဖျက်သိမ်းသွားမယ်” ဟု ဆက်လက်ပြောကြားသည်။

အဆိုပါ လူနေတိုက်ခန်းများကို ဖယ်ရှားပေးရန် ၂၀၁၇ ခုနှစ် မေလအတွင်းက စတင်အသိပေးခဲ့ခြင်း ဖြစ်သော်လည်း နေထိုင်သူများက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဆက်လက်နေထိုင်ခွင့်ရရှိရန် အသနားခံစာ တင်ပြခဲ့ပြီး စိစစ်ဆောင်ရွက်သွားမည်ဟု ပြန်ကြားထားချိန်တွင် ယခုကဲ့သို့ အချိန်နှစ်ရက်အတွင်း ဖယ်ရှားထွက်ခွာရမည် ဟူသောကြောင့် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း နေထိုင်သူများက သြဂုတ် ၄ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ထို့ပြင် အဆိုပါ လူနေတိုက်ခန်းများမှာ ရဲသိပ္ပံကျောင်းဂရန်မြေ ဧရိယာအတွင်း မပါဝင်သောကြောင့် ၁၉၉၅ ခုနှစ်အစိုးရအိမ် ဥပစာ(နှင်ထုတ်ခြင်း)ဥပဒေဖြင့် ဆောင်ရွက်ရန် မသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ချမ်းအေးသာစံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေက “ဒါဟာ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို နည်းမျိုးစုံနဲ့ အကျပ်အတည်းဖြစ်အောင် လုပ်နေတယ်လို့ပဲ ယူဆတယ်။ သမ္မတဆီ အသနားခံစာ တင်ပြထားတယ်။ လိုအပ်သလို စိစစ်ဆောင်ရွက်ပေးမယ် ဆိုပေမယ့် အောက်ခြေမှာက ဥပဒေ သက်ရောက်မှု မရှိသလို ဖြစ်နေတယ်” ဟု ပြောကြားခဲ့သည်။

“ဒီအတိုင်း ထွက်ပေးရမယ်ဆို မျှတမှု မရှိပါဘူး။ ကျွန်တော်တို့က ဝယ်ယူနေထိုင်ခဲ့တာ။ ကျူးကျော်ထားတာ မဟုတ်ဘူး။ အစား မြေနေရာဖြစ်ဖြစ်၊ ကာလပေါက်ဈေးဖြစ်ဖြစ် စီစဉ်ပေးစေချင်တယ်။ အခုဝါတွင်းကာလ ဖြစ်တော့ ပြောင်းရွှေ့ဖို့ အခက်အခဲရှိတယ်။ နောက်ပြီး ပြောင်းဖို့မရှိတဲ့သူတွေ ဘယ်လိုလုပ်မလဲ” ဟု အဆိုပါ တိုက်ခန်းတွင် နှစ် ၂၀ ကျော် နေထိုင်လျက်ရှိသည့် မုန့်လုပ်ငန်းရှင် ဦးမျိုးအောင်က ပြောကြားသည်။

“ကျွန်တော်က ၂၀၁၆ ခုနှစ်က သိန်း ၄၃၀ နဲ့ ဝယ်ယူခဲ့တာပါ။ ဒါက ကျွန်တော် စာသင်လို့ရတဲ့ ချွေးနှဲစာနဲ့ စုဆောင်းဝယ်ခဲ့ရတာပါ။ အခု ဒီအတိုင်းကြီး ဖယ်ရှားပေးရမယ်၊ ဆင်းသွားရမယ်ဆို ဘယ်သွားနေရမှာလဲ။ နေစရာလည်း မရှိပါဘူး။ ဒါကြောင့် မဖယ်နိုင်ဘူး” ဟု ဦးနိုင်မင်းက ဆိုသည်။

Most Read

Most Recent