တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ခေါင်းဆောင်များတွေ့ဆုံရန် စီစဉ်နေကြောင်း KIO ပြောကြား

တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ခေါင်းဆောင်များတွေ့ဆုံရန် စီစဉ်နေကြောင်း KIO ပြောကြား
Published 5 August 2018

တပ်မတော်နှင့် KIO/KIA နှစ်ဖက်အကြီးအကဲများ တွေ့မည်ဖြစ်ကြောင်း  KIO/KIA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သြဂုတ် ၄ ရက်တွင် ပြောကြားသည်။

ထိုသို့တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်ရန် KIO မှ ကိုယ်စားလှယ်များနှင့် အစိုးရ၏ငြိမ်းချမ်းရေး ဆောင်ရွက်နေသည့် အဖွဲ့ဝင်အချို့ သည်   တရုတ်နိုင်ငံနယ်စပ်မြို့တစ်နေရာတွင် လွန်ခဲ့သောရက်ပိုင်းက တွေ့ဆုံခဲ့ပြီးနောက် နောက်ထပ်တွေ့ဆုံရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “တွေ့ဖို့ တွေ့ဆုံသွားတယ်လို့သိရတယ်။ တွေ့မယ်ဆိုတာ သေချာပါတယ်။ ဘယ်မြို့၊ ဘယ်နေရာမှာ ဆွေးနွေးမယ်၊ ဘယ်သူတွေပါမယ်ဆိုတဲ့ အကြောင်းအရာတွေကို ဘာမှမသိရဘူး။ ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ပြီးမှပဲ သိရမှာပါ”  ဟု ပြောကြားသည်။

ထို့ပြင်  တွေ့ဆုံမှုအား  တရုတ်နိုင်ငံ အစိုးရ၏ ကြားဝင်ညှိနှိုင်းကူညီမှုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်ကလည်း တရုတ်နိုင်ငံ ဒါလီးမြို့တွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော အဖွဲ့ နှင့် KIO ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ တွေ့ဆုံခဲ့သည်။

မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင် က “ကျွန်တော်တို့က တိုင်းပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကိုယ်ကျိုးစွန့်ပြီး လုပ်ခဲ့တာပါ။လိုအပ်သလောက်ပဲ ပံ့ပိုးကူညီခဲ့တာဖြစ်ပါ တယ်။ အခုက ကိုယ်ကျိုးရှိတဲ့ တရုတ်က ကြားဝင်လာတာပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်ဘက်က ကူညီမှုတွေ ရှိနေတော့ ကျွန်တော်တို့ မပါတော့ဘူး။ လေ့လာသူအဖြစ် ခေါ်ရင်တော့ သွားဖြစ်ပါတယ်။ အခုတွေ့မှာက အလွတ်သဘောတွေ့မှာဖြစ်တော့ သိပ်ပြင်ဆင်ဖို့မလိုပါဘူး။ တွေ့မှာက တရုတ်နိုင်ငံထဲမှာပဲ များပါတယ်။ ကျွန်တော်တို့ကို အကြောင်းကြားလာတာတွေတော့ မရှိသေးဘူး” ဟု ပြောကြားသည်။

နေပြည်တော်တွင် ယခုလအတွင်း ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲနှင့် ညစာစားပွဲအခမ်းအနားသို့ အစိုးရ၏ဖိတ်ကြားချက်အရ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) သည် အခြား မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အတူ တရုတ်နိုင်ငံအစိုးရ၏စီစဉ်မှုဖြင့် တက်ရောက်ခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း ပါဝင်သည့် ကချင်လက်နက်ကိုင်အဖွဲ့  (KIO/KIA) ကိုယ်စားလှယ်အဖွဲ့အား ဗိုလ်ချုပ်ဂွန်မော်က ဦးဆောင်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့်လည်း တွေ့ဆုံဆွေးနွေး ခွင့်ရရှိခဲ့သည်။

ထိုသို့ ၂၁ ရာစုပင်လုံတတိယအစည်းအဝေးသို့ တက်ရောက်ခြင်းသည် ညီလာခံ တွင်ဆွေးနွေးရန်မဟုတ်ဘဲ အဆက်ပြတ်နေသည့် ဆက်သွယ်မှုများပြန်လည်ဆောင်ရွက်ရန်နှင့် တိုက်ပွဲများလျှော့ချနိုင်ရေး မျှော်လင့်ချက်ဖြင့်လာရောက်ခြင်းဖြစ်ကြောင်း ထိုစဉ်အချိန်က ဗိုလ်ချုပ်ဂွန်မော်က ပြောကြားထား သည်။

ထို့နောက် အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦး အဖွဲ့ နှင့် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သောအဖွဲ့တို့သည် ထိုင်းနိုင်ငံ  ချင်းမိုင်းမြို့တွင် ၂၀၁၈ ခုနှစ် ဇူလိုင် ၂၀ ရက်က တွေ့ဆုံခဲ့ပြီး ထပ်မံတွေ့ဆုံရန် သဘောတူညီမှုများ ရရှိခဲ့သည်။

တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KIO/KIA) အဖွဲ့တို့ သည် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် တစ်ကျော့ပြန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လူပေါင်း သိန်းနှင့်ချီကာ နေ့ရပ်စွန်ခဲ့သည်မှာ ခုနစ်နှစ်ကျော် ပြီဖြစ်သည်။

Most Read

Most Recent