<

နွားများဝယ်ယူ လာသည်ကို လောင်းချောင်းရဲစခန်းက စစ်ဆေးပြီး ကျပ်လေးသိန်း တောင်းယူသည့်အပေါ် ကျေနပ်မှု မရှိသဖြင့် စစ်တွေမြို့တွင် သတင်းစာရှင်းလင်း

ရဲတပ်ဖွဲ့ဝင်များအား ကျပ်လေးသိန်းပေးရသည် ဟုဆိုသူများက သတင်းစာ ရှင်းလင်းနေစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ကျေးရွာအတွင်း အသုံးပြုရန်နှင့် လိုအပ်သူများထံ ပြန်လည်ရောင်းချရန် နွားများဝယ်ယူလာသည်ကို လောင်းချောင်းရဲစခန်းက ဟန့်တားစစ်ဆေးကာ ကျပ်လေးသိန်း တောင်းယူခဲ့သည့်အတွက် ကျေနပ်မှု မရှိကြောင်းနှင့် အရေးယူပေးလိုကြောင်း နွားဝယ်ယူခဲ့သူများက သြဂုတ် ၄ ရက်က စစ်တွေမြို့တွင် မီဒီယာများအား ပြောကြားသည်။

ဖြစ်စဉ်မှာ ရသေ့တောင်မြို့နယ် အငူမော်ကုန်တန်းကျေးရွာနေ ကျော်ဇောနှင့် အောင်ဇော်ဝင်းတို့က ဇူလိုင် ၂၅ ရက် ညနေပိုင်းက ရသေ့တောင်မြို့နယ် အတွင်းမှ နွားထီးအကောင် ၂၀ ကို မွေးမြူရန်နှင့် ကျေးရွာအတွင်း ပြန်လည်ရောင်းချရန် ပန်းမော်ပြင်၊ ဆင်အိုး၊ ညောင်ပင်လှအစရှိသော ကျေးရွာ များမှ ၀ယ်ယူလာစဉ် လောင်းချောင်းရဲကင်း စခန်းမှ ခေါ်ယူကာ နွားများကို စခန်းခြံဝင်း ထဲသို့ ထည့်ထားပြီး နွားပိုင်ရှင်နှစ်ဦးအား ခြောက်ပေါက်ထဲထည့်ကာ မေးမြန်းစုံစမ်းခဲ့ ကြောင်း၊ ယင်းနောက် ကျပ်လေးသိန်း ပေးပြီးမှသာ ပြန်လွှတ်ပေးလိုက်ကြောင်း၊ ယင်းသို့ ပြန်လွှတ်လိုက်စဉ် နွားတစ်ကောင်မှာ ပျောက်ဆုံးနေခဲ့ကြောင်း နွားပိုင်ရှင်များက ပြောကြားသည်။

“နွားတွေမောင်းလာတော့ အရပ်ဝတ်နဲ့ တစ်ယောက်က မင်းတို့ ဒီလမ်းက နွားတွေ မယူလာရဘူးဆိုတာ မသိဘူးလားလို့ ပြောတယ်။ ဖုန်းဆက်လိုက်ပြီး နောက်နှစ်ယောက် ရောက်လာတယ်။ သေနတ်နဲ့ တစ်ယောက်ပါတယ်။ နွားဝယ်တာ ငါတို့ကို အကြောင်းမကြားဘူးဆိုပြီး ကျွန်တော်တို့ နှစ်ယောက်ကို ခြောက်ပေါက်ထဲ ထည့်ထားတယ်။ နွားတွေကိုလည်း စခန်းခြံထဲ ထည့်ထားတယ်။ ငွေမပေးရင် မလွှတ်ဘူးလို့ပြောတယ်။ ပထမတော့ ကျွန်တော်တို့က တစ်သိန်းပေးတယ်။ မရဘူး။ နောက်တော့ ည ၉ နာရီလောက်ဆိုတော့ ကျွန်တော်တို့ကလည်း ကြောက်လာတာနဲ့ ငွေလေးသိန်းပါတယ်လို့ပြောပြီး လေးသိန်း ကို ပေးလိုက်ရတယ်။ အဲဒီအခါကျမှ ကျွန်တော်တို့ကို နောက်ဘက်ပေါက်ကနေ ပြန်လွှတ်ပေးလိုက်တယ်။ အမြန်သွားကြဆိုပြီး ပြောတယ်။ နွားတွေကို မောင်းထုတ်တော့ နွားတစ်ကောင် မရှိတော့ဘူး။ ၁၉ ကောင်သာ ကျန်တော့တယ်။ အဲဒါကို မကျေနပ်ဘူး။ တရားမျှတမှု မရှိဘူးလို့မြင်တယ်။ သူတို့ကို အရေးယူပေးဖို့ သက်ဆိုင်ရာကိုလည်း တိုင်ကြားထားပါတယ်” ဟု နွားဝယ်ယူလာသူ ကိုကျော်ဇောက ပြောကြားသည်။

ထို့ပြင် ပြန်လွှတ်ပေးလိုက်စဉ် ကုပ်ကိုတစ်ချက်ရိုက်ပြီး နောက်နောင် နွားဝယ်ယူမည်ဆိုပါက စခန်းသို့ အကြောင်းကြားရန်လိုကြောင်း ပြောဆိုခဲ့သည့်အပြင် ဖုန်းနံပါတ်များကိုလည်း ရေးပေးလိုက်ကြောင်း၊ ပျောက်သွားသည့်နွားအား နောက်ရက်တွင် သွားရောက်ရှာဖွေသော်လည်း ပြန်မရခဲ့ကြောင်း၊ နွားတန်ဖိုးမှာ ကျပ်လေးသိန်းခန့်ရှိကြောင်း ကိုကျော်ဇောက ပြောကြားသည်။

သို့သော်လည်း လောင်းချောင်းရဲကင်းစခန်းမှ စခန်းမှူး ဒုရဲအုပ်အောင်ဇော်ဝင်းက “လမ်းကမောင်းလာတော့ ကျောင်းဆင်းချိန် ဖြစ်တဲ့အတွက် ကလေးတွေအန္တရာယ်ဖြစ်မှာ စိုးတဲ့အတွက်တားတော့ နည်းနည်းမချေမငံ ပြောတယ်။ ဆိုတော့ နွားကို စခန်းကိုသွင်းပြီး စစ်ဆေးမေးမြန်းခဲ့တာတော့ မှန်တယ်။ သူတို့ပြောတာက ဟိုဘက်မှာ စားကျက်မြေရှားလို့ တစ်လကို ခုနစ်ထောင်ကျပ်နဲ့ အငှားကျောင်းပေးဖို့ ယူလာကြတာလို့ ပြောတဲ့အတွက် စိစစ်ပြီးတော့ လွှတ်ပေးလိုက်ပါတယ်။ ပါလာတဲ့ ငါးယောက်လုံးကလည်း တစ်သံတည်းထွက်လို့ လွှတ်ပေးလိုက်တာပါ။ ကျွန်တော် ကျပ်လေးသိန်းယူတယ် ဆိုတာလည်း မမှန်ကန်ပါဘူး။ ကျွန်တော်တို့ ငွေတောင်းယူတာ မရှိပါဘူး။ အဲဒီလိုမလုပ်ပါဘူး။ ငွေရေးကြေးရေး ပတ်သက်တာလည်း တစ်ခုမှ မရှိပါဘူး။ ရိုးရိုးသားသားဆိုရင် သွားပါစေ ဆိုပြီးတော့ လွှတ်ပေးလိုက်ပါတယ်။ အောင်ဆိပ်ဘက်က နွားတွေအများကြီး ချိန်ခါလီ၊ ကိုးတန်ကောက်ကွင်းမှာ စားကျက်ပြောင်းထားတာ အများကြီးရှိပါတယ်” ဟု ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးကျော်ဇောနှင့် ဦးအောင်ဇော်ဝင်းတို့က အမှန်တရားပေါ်ပေါက်ရေး၊ ဒုရဲအုပ်အောင်ကိုဝင်းနှင့် တပည့်နှစ်ဦးတို့အား အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့ထံ သြဂုတ် ၂ ရက် ရက်စွဲဖြင့် တိုင်ကြားစာပေးပို့ ထားကြောင်း သိရသည်။

 

August 4, 2018














Copy Protected by Chetan's WP-Copyprotect.