<

ထောက်ကြန့်လမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ဒေသခံများ တွေ့ဆုံပြီး တံတားမလိုကြောင်း တင်ပြချက်ကြောင့် ပြန်လည်သုံးသပ်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဒုတိယ၀န်ကြီး ပြောကြား

ထောက်ကြန့်လမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဒေသခံများနှင့် တွေဆုံပြီး ဒေသခံများ၏ တံတားမလိုကြောင်း တင်ပြချက်ကြောင့် ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောသည်ဟု ဒေသခံများထံမှ သိရသည်။

ထောက်ကြန့်မြို့ ပဲခူးလမ်းပေါ်ရှိ မြို့နယ်စည်ပင်ရုံး၌ သြဂုတ် ၄ ရက် နံနက် ၁၀ နာရီတွင် ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ကြန့်လမ်းဆုံ၌ ခုံးကျော်တံတား ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ ထောက်ကြန့်မြို့ ဒေသခံများနှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

“ထောက်ကြန့်လမ်းဆုံမှာ ခုံးကျော်တံတားကြီးတစ်စင်း နောင်တစ်ချိန် လိုအပ်လာမယ်ဆိုတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တကယ်တမ်းတော့ ၀န်ထမ်းတွေက စည်းမျဉ်းဥပဒေတွေအတိုင်း စည်းကမ်းတကျ အလုပ်လုပ်ကြရင် ပြည်သူတွေကလည်း စည်းကမ်းတကျ နေထိုင်ဝမ်းစာရှာဖွေ စားသောက်ကြရင်၊ အစိုးရကလည်း တစ်ခုခုဆို မသိကျိုးကျွန် မပြုဘဲ စနစ်တကျကိုင်တွယ် ဖြေရှင်းရင် ဒီခုံးကျော်တံတားက တော်တော်နဲ့ မလိုအပ်သေးဘူး။ အခုလိုအချိန်မျိုးမှာ ပိုအဓိပ္ပာယ်ရှိမယ့် အကျိုးရှိမယ့် နေရာတွေမှာ သုံးသင့်ပါတယ်။ ဒုဝန်ကြီးကတော့ ပြည်သူတွေရဲ့ဆန္ဒကို အလေးထားပြီး သူတို့ပြန်သုံးသပ်မယ်လို့ ပြောသွားပါတယ်” ဟု အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ထောက်ကြန့်မြို့ဒေသခံ ကိုအောင်ဇော်မိုးက ပြောကြားသည်။

ထောက်ကြန့်လမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်ခြင်းကို ခွင့်ပြုချက်ရရှိပါက တစ်နှစ် (၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာထိ) အတွင်း အရှည် ပေ ၁၀၇၆ ပေ အကျယ် ၃၂ ပေရှိသော ယာဉ် သီးသန့် နှစ်လမ်းသွား တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ရာတွင်လည်း လမ်းဘေးမှ နေရာယူမည် မဟုတ်ဘဲ လမ်းလယ်ကျွန်းမှ ပေ ၁၀၀ ခန့်လျှင် တိုင်တစ်ခုစီထောင်ကာ ဆောက်လုပ်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း ၆၅၀၀၀ ရှိမည်ဟု ၀န်ကြီးဌာန၏ တင်ပြချက်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

“တံတားက ကျွန်းလယ်ကျွန်းပဲ။ ဘေးသားတွေကို မယူဘူး။ လမ်းကလွှတ်တော်က ခွင့်ပြုရင် ဘတ်ဂျက်ရရင် တစ်နှစ်တွင်း ပြီးအောင် ဆောက်ပေးမယ်တဲ့။ ဒေသခံတွေကတော့ တံတားမလိုဘူးလို့ ပြောတာတော့ ကြားတာပဲ။  ကျွန်တော်သိသလောက်တော့ တံတားက လမ်းပေါ်မှာ ဆောက်တာက ပြည်ထောင်စုအစိုးရရဲ့ နယ်မြေဖြစ်တယ်။ အိမ်တွေဘာတွေ ဖျက်ဆောက်မှာလည်း မဟုတ်ဘူး။ ဆိုင်တွေပိတ်ခိုင်းမှာလည်း မဟုတ်ဘူး။ ပြည်ထောင်စုလမ်းမပေါ်မှာ လုပ်တာကိုတော့ ကန့်ကွက်လို့တော့ မလွယ်လောက်ဘူး ထင်တယ်။ အစိုးရပိုင်မြေ ဖြစ်နေတာကိုး။ ကန့်ကွက်မှုကိုတော့ ထည့်သွင်းစဉ်းစားရမှာပေါ့။ အပေါ်ကိုတော့ ပြန်ပြီးတင်ပြမှာပေါ့။ ကျန်တာတော့ မူဝါဒအတိုင်း သွားနေတာပဲ” ဟု ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

 

August 4, 2018














Copy Protected by Chetan's WP-Copyprotect.