ပခုက္ကူမြို့နယ် Myanmar Magic Link Co., Ltd. အထည်ချုပ်လုပ်ငန်းမှ လုပ်သား ၂၄၀ ကျော် ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိဘဲ အလုပ်ထုတ်ပယ်ခံရ

ပခုက္ကူမြို့နယ် Myanmar Magic Link Co., Ltd. အထည်ချုပ်လုပ်ငန်းမှ လုပ်သား ၂၄၀ ကျော် ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိဘဲ အလုပ်ထုတ်ပယ်ခံရ
Published 5 August 2018

အလုပ်မှ ထုတ်ပယ်ခံရသည့် လုပ်သားများ ၎င်းတို့နစ်နာချက်များအား တင်ပြရန် စုဝေးနေစဉ်

ပခုက္ကူမြို့နယ် Myanmar Magic Link Co., Ltd.အထည်ချုပ်လုပ်ငန်းမှ လုပ်သား ၂၄၀ ကျော်အား သြဂုတ် ၃ ရက်နှင့် ၄ ရက်တို့တွင် အလုပ်ရှင်ဘက်က ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိဘဲ အလုပ်မှ ထုတ်ပယ်ခံရကြောင်း သိရသည်။

သြဂုတ် ၃ ရက်တွင် စက်ချုပ်လုပ်သား ၂၀၀ ကျော်အား အလုပ်မှ ထုတ်ပယ်ကြောင်း အသိပေးခဲ့ပြီး သြဂုတ် ၄ ရက်တွင် ယာဉ်မောင်းများနှင့် အခြားဆောက်လုပ်ရေး လုပ်သားများအား အလုပ်မှ ဆက်လက် ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

အလုပ်မှ ထုတ်ပယ်ခံရသူများထဲတွင် လုပ်သက်ခြောက်လမှ တစ်နှစ်ထိ ဝန်ထမ်းများအား လျော်ကြေးငွေ ၁၅ ရက်လုပ်ခလစာ၊ လုပ်သက်တစ်နှစ်မှ နှစ်နှစ်ထိ ဝန်ထမ်းများအား လျော်ကြေးငွေ တစ်လစာ လုပ်ခလစာနှင့်  လုပ်သက်နှစ်နှစ်အထက် ဝန်ထမ်းများအား လျော်ကြေးတစ်လခွဲစာ ပေးလျော်မည် ဖြစ်ကြောင်းနှင့် လုပ်သက်ခြောက်လအောက် ဝန်ထမ်းအား လျော်ကြေးငွေ ပေးအပ်မည် မဟုတ်ကြောင်း သိရသည်။

“သူတို့ ထုတ်လိုက်တယ်။ လက်လွတ်စပယ်ထုတ်တယ်။ ဒီနေ့ထုတ် မနက်ဖြန် ထွက်ရတယ်။ မဖြစ်သင့်ဘူး။ ဒီအလုပ်ရဖို့ ဆေးရုံဆေးစစ် သွားရတယ်။ ထောက်ခံစာ ယူရတယ်။ အလုပ်သမားရုံး သွားရတယ်။ ရပ်ကွက်ထောက်ခံစာ ယူရတယ်။ ရဲစခန်းထောက်ခံစာ ယူရတယ်။ လွယ်လွယ်နဲ့ ဒီအလုပ်ကို ရတာမဟုတ်ဘူး။ လွယ်လွယ်နဲ့ ဝင်ခဲ့တာ မဟုတ်တဲ့အတွက် လွယ်လွယ်နဲ့တော့ မထွက်နိုင်ဘူး။ အလုပ်ထုတ်လိုက်တာမှာ ဘာခံစားခွင့်မှ မရှိဘူး။ အလုပ်သမား ခေါင်းဆောင်ကို မေးတယ်။ ဘာမှမသိဘူး ပြောတယ်။ မဖြစ်သင့်ဘူး။ ထွက်ရတဲ့အတွက် အကျိုးခံစားခွင့် လိုချင်တယ်။ ကျန်ခဲ့တဲ့ မိသားစုမှာ စားဝတ်နေရေး အဆင်မပြေနိုင်ဘူး။ အကျိုးခံစားခွင့်မရရင် ဒီအလုပ် ပြန်လုပ်ချင်တယ်။ ပြစ်ချက်မရှိဘဲ အထုတ်ခံရတယ်” ဟု အလုပ်မှ ထုတ်ပယ်ခံရသူ ကိုသန့်ဇင်ဌေးက ပြောကြားသည်။

Myanmar Magic Link Co., Ltd.အထည်ချုပ်စက်ရုံမှ ဝန်ထမ်းခန့်ထားစဉ် အလုပ်မှ ထွက်လိုပါက တစ်လကြိုတင် အသိပေးရန်နှင့် အလုပ်မှ ထုတ်ပယ်မည် ဆိုပါက ဝန်ထမ်းများအား တစ်လကြိုတင် အသိပေးမည်ဟု သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

“မနေ့က (သြဂုတ် ၃ ရက်) ညနေ ၄ နာရီလောက်မှာ အလုပ်သမားတွေကို မနက်ဖြန်ကစပြီး နားရမယ်လို့ ပြောတယ်။ မနက်ဖြန်ကစပြီး အလုပ်မရှိတော့ဘူးလို့ ပြောပါတယ်။ စာချုပ်တုန်းက တစ်လကြိုပြောမယ် ဆိုတာပါတယ်။ ဒါပေမဲ့ ကျွန်မတု့ိကို မနေ့ကမှပြောတယ်။ တစ်လအတွင်း အလုပ်ရှာချင်သေးတယ်။ တစ်လစာ သူတို့ဆီမှာ အလုပ်လိုချင်သေးတယ်။ အဲဒါကို သူတို့ဘက်က လက်မခံဘူး” ဟု မလှစုမွန်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Magic Link Co., Ltd. အထည်ချုပ်စက်ရုံ တည်ရှိရာ အမှတ် (၁၁) အထည် စက်ရုံသို့မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးက Myanmar Magic Link Co., Ltd. အထည် ချုပ်စက်ရုံ တာဝန်ခံများ မရှိတော့ကြောင်း ဖြေကြားသည်။

Myanmar Magic Link Co., Ltd. အထည်ချုပ်စက်ရုံမှ တရုတ်နိုင်ငံသားများမှာ ပြီးခဲ့သည့် ရက်အနည်းငယ်မှစ၍ တစ်ဖွဲ့ချင်း ထွက်ခွာသွားကြောင်းနှင့် မြန်မာလူမျိုး စကားပြန်သာ ကျန်ရှိနိုင်တော့ကြောင်း စက်ရုံလုပ်သားများထံမှ သိရသည်။

နိုင်ငံတော်ပိုင် အမှတ် (၁၁) အထည် စက်ရုံအား၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ တရုတ်နိုင်ငံသားများက ငှားရမ်းပြီး Myanmar Magic Link Co., Ltd. အထည်ချုပ်စက်ရုံအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့ပြီး ပခုက္ကူနှင့် မြိုင်မြို့နယ် အတွင်းရှိ ဒေသခံများ လာရောက် လုပ်ကိုင်ကြောင်း သိရသည်။

 

Most Read

Most Recent