တရားစီရင်ရေးသည် လျော့နည်းအားပျော့နေပြီး အောင်ရဲထွေးအမှု သမ္မတကပြောခဲ့ခြင်းမှာ ဝင်ရောက်စွက်ဖက်ခြင်းမဟုတ်ဘဲ တာဝန်ရှိ၍ပြောခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ရှေ့နေများပြောကြား

တရားစီရင်ရေးသည် လျော့နည်းအားပျော့နေပြီး အောင်ရဲထွေးအမှု သမ္မတကပြောခဲ့ခြင်းမှာ ဝင်ရောက်စွက်ဖက်ခြင်းမဟုတ်ဘဲ တာဝန်ရှိ၍ပြောခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ရှေ့နေများပြောကြား
Published 5 August 2018

မြန်မာနိုင်ငံရှေ့နေများကွန်ရက်၏ နှစ်ပတ်လည်စုံညီ အစည်းအဝေးအား တွေ့ရစဉ်

တရားစီရင်ရေးသည် လျော့နည်းအားပျော့နေပြီး အောင်ရဲထွေးအမှု သမ္မတ ပြောခဲ့ခြင်းမှာ တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်ခြင်းမဟုတ်ဘဲ တာဝန်ရှိ၍ ပြောခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက် မှ ဦးဆောင်ကော်မတီဝင်များက ပြောကြားသည်။

သြဂုတ် ၄ ရက်တွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ KAFE IN TOWN ၌ ပြုလုပ်သည့် မြန်မာနိုင်ငံရှေ့နေများကွန်ရက်၏ နှစ်ပတ်လည်စုံ ညီအစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီနေ့တွေ့ကြုံနေရတဲ့ ပြဿနာဟာ တရားစီရင်ရေးပြဿနာပါ။ ဒီနေ့ တရားစီရင်ရေးစနစ် ကျွန်တော်တို့ တည့်တည့်မတ်မတ်သွားလိုတဲ့ ဖြောင့်မတ်တဲ့တရားစီရင်ရေးစနစ်က လျော့နည်းနေတယ်။ အားပျော့နေတယ်။ ပြည်သူလူထုက အားမလိုအားမရအဖြစ်ဆုံးကို ပြောရင် ကျွန် တော်တို့ရဲ့ တရားစီရင်ရေးပါပဲ” ဟု  မြန်မာ နိုင်ငံရှေ့နေများကွန်ရက်မှ တရားလွှတ်တော် ကိုယ်စားလှယ် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ဦးအောင်သိန်းက ပြောကြားသည်။

ထို့ပြင် ဥပဒေတစ်ခုပြုပါက သက်ဆိုင် ရာဌာနများမှ တာဝန်ရှိသူများကို ဖိတ်ကြားဆောင်ရွက်ကြရကြောင်း ယင်းတို့အထဲမှ တရားစီရင်ရေးနှင့်ပတ်သက်ပြီး ပြောရပါက တရားစီရင်ရေးစနစ်၏ ဒေါက်တိုင်များဖြစ်သည့် ရဲ၊ ဥပဒေအရာရှိ၊ ရှေ့နေစသည်တို့ဖြစ် ကြောင်း၊ ဖောက်လှဲဖောက်ပြန် လုပ်နေကြသူများမှာ အထက်ပါ အဝန်းအဝိုင်းများထဲတွင် ရှိသကဲ့သို့ ကောင်းမွန်သောရည်ရွယ်ချက်များနှင့် လုပ်ဆောင်နေသူများလည်းရှိကြောင်း ဦးအောင်သိန်းက ဆက်လက်ပြောကြားသည်။

ထိုနည်းတူ နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ဝါရင့်ဥပဒေပညာရှင်တစ်ဦးမှ သမ္မတ ဖြစ်လာခြင်းဖြစ်ကြောင်း၊ သမ္မတသည် နိုင်ငံတွင် အမြင့်ဆုံးအာဏာရှိသူတစ်ဦးဖြစ်ပြီး ပြည်သူပြည်သားများ၏ ဆိုးမှု ကောင်းမှုများကို တာဝန်ခံရသဖြင့် တာဝန်ရှိ၍ ပြောခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက် မှ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

“နိုင်ငံတော်မှာ ဥပဒေရေးရာပြဿနာ ကြီးကြီးမားမားဖြစ်နေတယ်။ အဲဒါကတော့ အခု အသစ်တက်လာတဲ့ သမ္မတကြီးဦးဝင်းမြင့်ကို လျှော့တွက်ကြတယ်။ ဝန်ထမ်းတွေ။ ဦးဝင်းမြင့်က သာမန်အရပ်သူ အရပ်သားကနေ လာတာမဟုတ်ပါဘူး။ ဝါရင့်ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေတစ် ယောက်ပါ။ အခုဖြစ်ပျက်နေတဲ့ တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်းဖြစ်နေတဲ့အမှု (အောင်ရဲထွေးအမှု) ကြီးမှာ လွဲမှားပြီးတော့ ကွင်းဆက်ဖြုတ်တဲ့ အဂတိတရားနဲ့ ဆောင် ရွက်တဲ့ကိစ္စတွေ သမ္မတက ပြောတယ်။ အဲဒါကို အမနာပအတင်းအဖျင်းပြောလိုတဲ့ အင်အားစုက အုပ်ချုပ်ရေးက ဝင်စွက်ဖက်တယ်လို့ ပြောတယ်။ ဒါ မဟုတ်ပါဘူး။ သမ္မတဆိုတာ တစ်နိုင်ငံလုံးမှာ အဓိကတာဝန်ရှိပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေအားလုံးရဲ့ ကောင်းမှုဆိုးမှုအားလုံးကို သူက တာဝန်ယူရတာ။ သူက မပြောလို့မရဘူး။ ဒါ သူ့တာဝန်ပဲ။ ဝင်စွက်ဖက်တယ်လို့ ပြောတာက မမှန်ကန်ပါဘူး။ မှားယွင်းပါတယ်” ဟု ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

ယင်းအပြင်  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့သွားရန် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံရှေ့ နေများကွန်ရက်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ မတရားခံနေရသည့် ပြည်သူများ၏ အမှုအခင်းများကို လိုက်ပါဆောင်ရွက်ပေးလျက်ရှိသော်လည်း ရုံးချိန်းများမှာ အချိန်း ၃၀၊ ၄၀ ခန့် ချိန်းပြီးသော် လည်း အမှုပြီးလေ့မရှိကြောင်း၊ ယင်းအတွက် အခက်အခဲများ ရှိလာကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်ထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ အမှုတွေ လိုက်ပါဆောင် ရွက်ပေးတယ်။ ကျွန်တော်တို့ အမှုဆောင် အဖွဲ့ဝင်ထဲမှာ နိုင်ငံတော်အမှုတွေ လိုက်ပါဆောင်ရွက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က  အကူအညီတောင်းလာတဲ့အမှုတိုင်းကို ကျွန်တော်တို့က လိုက်ပါဆောင်ရွက်ပေးနိုင်တဲ့ အင်အားမရှိသေးပါဘူး။ ငွေကြေး ဘာညာ တွေအခက်အခဲရှိလို့ပါ။ ကျွန်တော်တို့ ရှေ့ နေမျိုးဆက်သစ်တွေကို တွဲပြီးတော့ လိုက်ခိုင်းတယ်။ ဒါပေမဲ့ အမှုတစ်ခုမှာ ရုံးချိန်းက က သုံးလေးဆယ်အချိန်းလောက်တောင် မပြတ်တာတွေရှိတယ်။ ကြာလာတဲ့အခါကျ တော့ စရိတ်စက ထောင်းလာတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ကျောက်တန်းမြို့မှာ သက်ငယ်မုဒိမ်းကိစ္စ  နှစ်နှစ်ကျော် သုံးနှစ်တောင်ကူးလာပြီ၊ အဲဒါလည်း မပြတ်သေးပါဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင် ထွန်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent