မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် ခရီးသွားလာမှု မပြတ်တောက် စေရေးအတွက် ဇက်ရေယာဉ်များ အခမဲ့ ပြေးဆွဲပေးရာတွင် လစဉ်ဇက်ရေယာဉ်များ၏ စက်သုံးဆီ ဂါလန် ၉၀၀၀ နီးပါးရှိ

မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် ခရီးသွားလာမှု မပြတ်တောက် စေရေးအတွက် ဇက်ရေယာဉ်များ အခမဲ့ ပြေးဆွဲပေးရာတွင် လစဉ်ဇက်ရေယာဉ်များ၏ စက်သုံးဆီ ဂါလန် ၉၀၀၀ နီးပါးရှိ
Published 5 August 2018

ခရီးသွားလာမှုများ မပြတ်တောက်စေရေးအတွက် ဇက်ရေယာဉ်များဖြင့် ပို့ဆောင်နေစဉ်

မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် ခရီးသွားလာမှုများ မပြတ်တောက်စေရေးအတွက် ဇက်ရေယာဉ်များကို နိုင်ငံတော်က အကုန်အကျခံ၍ အခမဲ့ပြေးဆွဲပေးနေရာတွင် လစဉ်ဇက်ရေယာဉ်များ၏ စက်သုံးဆီမှာ ဂါလန် ၉၀၀၀ နီးပါး ကုန်ကျနေလျက်ရှိပြီး ဝန်ထမ်းများ၏ စားသောက်စရိတ်များနှင့် အထွေထွေ ကုန်ကျစရိတ်မှာ လစဉ်ကျပ်သိန်း တစ်ရာကျော်ခန့်ထိ ရှိကြောင်း သတင်းရရှိသည်။

တံတားအသစ် တည်ဆောက်နေစဉ် ကာလအတွင်း ခရီးသွားလာမှု မပြတ်တောက်စေရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုဖြင့် မြောင်းမြမြို့တွင် ကားလေးဇက်ဆိပ်နှင့် ကားကြီးဇက်ဆိပ် နှစ်ခု၊ လူအများ စီးနင်းနိုင်ရန် ကူးတို့သင်္ဘော နှစ်စင်းနှင့် ဆိပ်ခံတံတားများ၊ မြောင်းမြမြို့တွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရေးအတွက် ညောင်ချောင်းလေးကျေးရွာနှင့် ငပုတောမြို့သို့ ဆက်သွယ်သော ဇက်ဆိပ်တစ်ခုအား အလျင်အမြန် တည်ဆောက်၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ဇက်ရေယာဉ်လေးစင်းဖြင့် မော်တော်ယာဉ်များကို အခမဲ့ ပို့ဆောင်ခြင်း၊ တပ်မတော်၏ စီမံမှုဖြင့် တပ်မတော်ပိုင် ကမ်းထိုးရေယာဉ် နှစ်စင်းဖြင့် မော်တော်ယာဉ်များကို အခမဲ့ ပို့ဆောင်ပေးခြင်းများ လုပ်ဆောင်နေလျက်ရှိကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ဇက်ရေယာဉ်များနှင့် ဝန်ထမ်းများ အသုံးစရိတ်များမှာ ဧပြီ  ၁ ရက်မှ စတင်၍ ဇွန် ၃၀ ရက်ထိ စက်သုံးဆီ ၂၆၇၃၇ ဒသမ ၅ ဂါလန်၊ အင်ဂျင်ဝိုင် ၅၅ ဒသမ ၅ဂါလန်၊ ဟိုက်ဒရောလစ်ဆီ ၁၂ဂါ လန်နှင့် ဝန်ထမ်းများ စားစရိတ် ကုန်ကျငွေမှာ ကျပ် ၂၂၃၅၇၀၀၀ ရှိကုန်ကျခဲ့ကြောင်း ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြောင်းမြမြို့နယ် မဲဆန္ဒနယ်(၁)မှ ဦးသန့်ဇော်ဝင်း၏ မေးခွန်းမေးမြန်းမှုကို ဝန်ကြီးက ပြန်လည်ဖြေကြားမှုများမှ သိရှိရသည်။

“ဇက်ဆိပ်တွေနဲ့ ဇက်အဆင်းအတက် လမ်းတွေကို ပြင်ဆင်တည်ဆောက်ရတဲ့ ကုန်ကျငွေကလည်း စုစုပေါင်းသန်း ၅၀၀ ရှိတယ်လို့ ဝန်ကြီးက ပြန်လည် ဖြေကြားထားပါတယ်။ ဒါ့အပြင် အခုဆို မြောင်းမြ ကားလေးဇက်ဆိပ်မှာ ကွယ်လယ်ဘက်ကမ်းပေါ့ ကားလေးဇက်ဆိပ်ကို အဝင်အထွက်လမ်းက တော်တော်ကို ဆိုးဆိုးရွားရွား ပျက်နေတယ်၊ ဒါကိုလည်း ပြုပြင်ပေးဖို့ ကျွန်တော်တင်ပြထားပါတယ်၊ ဒါပေမဲ့ လမ်းပိုင်းက စည်ပင်ပိုင်လမ်းပိုင်း ဖြစ်နေတော့ စည်ပင်က ဘတ်ဂျက်က ဘယ်လိုမှ အဆင်မပြေဘူး၊ ဒါကိုနည်းလမ်း တစ်ခုခု စဉ်းစားပြီး လုပ်ဆောင်ပေးဖို့ ဝန်ကြီးဌာချင်း ပူးပေါင်းလုပ်ဆောင်ပေးဖို့ကိုပါ တောင်းဆိုထားပါတယ်” ဟု ဦးသန့်ဇော်ဝင်းက ပြောကြားသည်။

မြောင်းမြတံတားအသစ် တည်ဆောက်နေမှုမှာ အောက်ခြေကွန်ကရစ်တိုင်များ တည်ဆောက်မှု လုပ်ငန်းများ ပြီးစီးနေပြီ ဖြစ်ပြီး၂၀၁၉ ခုနှစ် ဧပြီလအတွင်း တံတားအသစ် ဖွင့်လှစ်နိုင်ရန် ရည်မှန်းချက်ထား လုပ်ဆောင်နေကြောင်း သိရသည်။

 

Most Read

Most Recent