<

ဘီးလင်းမြို့နယ် ၀င်းက ကျေးရွာရှိ မြသပိတ်တောင်အလယ်ပိုင်းမှ မြေလွှာမှာ တဖြည်းဖြည်းပြိုကျလာသဖြင့် တောင်အလယ်ပိုင်းရှိ ရှေးဟောင်းကြောင်တစ်ရာဘုန်းကြီးကျောင်းနှင့် တောင်အောက်ခြေရှိ နေအိမ်တချို့ ပြောင်းရွှေ့

မြသပိတ်တောင်အလယ်ပိုင်းမှ မြေလွှာမှာ တဖြည်းဖြည်းပြိုကျလာစဉ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ၀င်းက ကျေးရွာရှိ မြသပိတ်တောင်အလယ်ပိုင်းမှ မြေလွှာမှာ ဇူလိုင် ၂၇ ရက်မှစတင်ကာ တဖြည်းဖြည်းပြိုကျလာသဖြင့် တောင်အလယ် ပိုင်းရှိ ရှေးဟောင်းကြောင်တစ်ရာဘုန်းကြီး ကျောင်းနှင့် တောင်အောင်ခြေရှိ လူနေအိမ်တချို့ ပြောင်းရွှေ့ထားရကြောင်း ဘီးလင်းမြို့ နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ် (၁) မှ ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး၏ပြောကြားချက်အရ သိရသည်။

“၀င်းကကျေးရွာမှာက ဇူလိုင် ၂၇ ရက် ညပိုင်းကစပြီးတော့ မြသပိတ်တောင်ရဲ့  အလယ်နားလောက်မှာရှိတဲ့ အဲဒီ ကြောင်တရာ ဘုန်းကြီးကျောင်းရဲ့အထက်နားလောက်၊ မြသပိတ်စေတီတော်ရဲ့ အောက်နားလောက် ကနေစပြီးတော့  ၁၁ ဧကလောက် ကျယ်တဲ့ မြေပြန့်ကြီးက အောက်ဘက်ကို တဖြည်းဖြည်း နဲ့နိမ့်ဆင်းနေပါတယ်။ ကျွန်တော်က သြဂုတ် ၁ ရက်လောက်ကသွားကြည့်တာ မြေပြန့်ကြီးက ၆ ပေလောက်နိမ့်ဆင်းသွားတယ်။ သြဂုတ် ၃ ရက် အထိကတော့ ၁၂ ပေလောက်အထိ နိမ့်ဆင်းလာတယ်။ အဲဒီအောက်တည့်တည့်မှာ ကြောင်တစ်ရာဘုန်းကြီးကျောင်းရှိတယ်။ အခုဆိုရင် အဲဒီကြောင်တစ်ရာဘုန်းကြီး ကျောင်းရဲ့ တောင်ဘက်အစွန်ဆုံးကျောင်းက မြေပိလို့ တစ်ခြမ်းပြိုသွားပြီး တစ်နေ့ထက် တစ်နေ့သိသိကျကျပြိုဆင်းနေတယ်။ အဲဒီအပြင်ကို ကျောက်တုံးကြီးတွေ၊ ခဲလုံးကြီးတွေလည်း ပြုတ်ကျတာမျိုးရှိတယ်။ တောင်ပေါ်တက်တဲ့ကားလမ်းပေါ်မှာလည်း ခဲလုံးတွေ ပြုတ်ကျနေတာမျိုးရှိနေတယ်။ အဲဒီလိုအခြေအနေမျိုးရှိနေတယ်”ဟု ဒေါက်တာခင်နိုင်ဦး က ပြောကြားသည်။

“မြသပိတ်တောင်မှာ အဲဒီလိုဖြစ်နေတော့ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက တောင်ခြေမှာရှိတဲ့ ၀င်းကကျေးရွာအုပ်စု ညောင်သုံးပင် ကျေးရွာမှာပေါ့။ အဲဒီရွာမှာရှိတဲ့ အိမ်ခြေ ၁၅လုံးလောက်ရွှေ့ခိုင်းထားပါတယ်။ ကြောင်တစ်ရာ ကျောင်းတိုက်က ဆရာတော်နဲ့သံဃာတော် တွေကိုလည်း ပြောင်းရွှေ့ပေးဖို့လျှောက်ထားပြီးပါပြီ။ လောလောဆယ် အဲဒီလိုမျိုးတွေ လုပ်ဆောင်ထားတယ်။ နောက်ပြီး တောင်ခြေမှာက သုဝဏ္ဏဘူမိမြို့ဟောင်းတူးဖော် ထိန်းသိမ်းထားတဲ့ အဆောက်အအုံတစ်ခုလည်း ရှိနေတယ်။ ပြည်နယ်အစိုးရထံကို လွန်ခဲ့တဲ့ သုံးရက်လောက်က သတင်းပို့ထားပါတယ်” ဟုဒေါက်တာခင်နိုင်ဦးက ဆိုသည်။

“ပြန့်အကျယ်က ၁၁ ဧကလောက်ရှိပေမယ့် ထုထည်ကိုတော့မမှန်းတတ်ဘူး။ ၁၁ ဧကဆိုတာက အနားပတ်ချာလည်ကို လိုက်ကြည့်ပြီး တိုင်းကြည့်တယ်။ နောက် Google မှာ ဧရိယာတွက်တဲ့ဟာနဲ့ တွက်လိုက်တော့ ၁၁ ဧကဆိုပြီးထွက်တယ်။ ထုထည်ကိုတော့ မမှန်းတတ်ဘူး။ ပညာရှင်တော့ လိုအပ်ပါမယ်။ အဲဒီအပြင်ကို နေရာအနှံ့မှာ မြေနီတွေ၊ မြေ၀ါတွေ စိမ့်ထွက်နေတယ်။ ကျွန်တော်တို့ လေ့လာမိသလောက် တောင်ပြိုလို့ရှိရင် တောင်တွေမပြိုခင်မှာထွက်တဲ့ရေတွေ ပုံစံမျိုးလို့ ထင်ရပါတယ်” ဟု ဒေါက်တာခင်နိုင်ဦး က ပြောကြားသည်။

တဖြည်းဖြည်းနိမ့်ဆင်းလာနေသည့် မြေပြန့်ကြီး၏ အောက်တည့်တည့်တွင် မူလတန်းစာသင်ကျောင်း တစ်ကျောင်းရှိနေသည့်အတွက် မြေထုထည်ကြီး ပြိုကျလာပါက အန္တရာယ်ရှိသည့်အတွက် စာသင်ကျောင်း အား ခေတ္တပိတ်ထားရကြောင်း၊ လက်ရှိအချိန်အထိ အဆိုပါမြေပြန့်ကြီး တဖြည်းဖြည်း ပြိုကျလာနေသည်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေရကြောင်း ဒေါက်တာခင်နိုင်ဦးက ဆက်လက်ပြောကြားသည်။

“မြေပြန့်ကြီးက ဒီနေ့ (သြဂုတ် ၄ ရက်) မှာ ၁၄ ပေလောက်အိကျသွားပြီး အဲဒီနေရာ မှာရှိနေတဲ့ ကြောင်တစ်ရာကျောင်းတိုက်ခံနေ လို့ မြေကြီးတွေက အောက်ကို တိုက်ရိုက် မဆင်းလာတာပါ။ အဲဒီအပြင်ကို ၁၅ ပေ၊ ပေ ၂၀ လောက်ရှိတဲ့ ကျောက်တုံးကြီးတွေဆင်းလာဖို့ရှိနေတယ်။ အဲ့ဒီအောက်မှာ အိမ်ပေါင်း ၃၀ လောက်ရှိတယ်။ တချို့အိမ်တွေကိုတော့ ရွှေ့ပေးဖို့ ပြောထားပါတယ်။ တောင်ပေါ်ကကျောက်တုံးကြီးတွေလိမ့်ဆင်းလာရင် အဲဒီအိမ်တွေ ဒုက္ခရောက်နိုင်ပါတယ်”ဟု ဒေသခံ တစ်ဦးဖြစ်သူ ကိုပြည့်စုံကပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင် ၂၆ ရက်မှ စတင်ကာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ် ခဲ့သည့်အပြင် တောင်ပြိုမှုအချို့လည်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

 

August 4, 2018














Copy Protected by Chetan's WP-Copyprotect.