<

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်အထက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၆၁ ကျပ်အထိ ကျဆင်း

သြဂုတ် ၃ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၅ ပွိုင့်အထက်ဖြင့် တစ်ပတ်တာဈေးပိတ်ခဲ့ပြီး သြဂုတ် ၄ ရက်၌ နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၆၁ ကျပ်အထိ ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀  ဖြင့် ချိုးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ၁၄၄၃ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁ ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၂ ကျပ် အထိစံချိန်တင် ဆက်လက်မြင့်တက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန်လဒုတိယပတ်မှ စတင်ကာ ဒေါ်လာဈေးများ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၁ ရက်မှ သြဂုတ် ၃ ရက်အထိ တစ်ဒေါ်လာ ကျပ် ၁၁၉ အထိ မြင့်တက်ခဲ့ကာ ယင်းကာလအတွင်း မြန်မာကျပ်ငွေတန်ဖိုး ၈ ဒသမ ၈၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်၊ ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်အထိ အမြင့်ဆုံးဖြစ်ခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက် ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်န၀ါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟချက် အများဆုံး ဖြစ်ခဲ့သည်။

August 4, 2018














Copy Protected by Chetan's WP-Copyprotect.