ဟုမ္မလင်းမြို့နယ် မယ်ဇလီကျေးရွာနေ မိန်းမပျိုတစ်ဦး သားမယားအဖြစ်ပြုကျင့်ခံရပြီး အဝတ်အစားကင်းမဲ့လျက် သတ်ဖြတ်ခံရ

ဟုမ္မလင်းမြို့နယ် မယ်ဇလီကျေးရွာနေ မိန်းမပျိုတစ်ဦး သားမယားအဖြစ်ပြုကျင့်ခံရပြီး အဝတ်အစားကင်းမဲ့လျက် သတ်ဖြတ်ခံရ
Published 27 August 2017

ဟုမ္မလင်းမြို့နယ် မယ်ဇလီကျေးရွာနေ မိန်းမပျိုတစ်ဦး သားမယားအဖြစ် ပြုကျင့်ခံရပြီး အဝတ်အစားကင်းမဲ့လျက် သတ်ဖြတ်ခံထားရကြောင်း ဟုမ္မလင်းမြို့မရဲစခန်းမှ သိရသည်။

သားမယားအဖြစ်ပြုကျင့်ခံရပြီး သတ်ဖြတ်ခံရသူမှာ ဟုမ္မလင်းမြို့နယ်၊ နောင်ဆန်းကျင်ကျေးရွာအုပ်စု၊ မယ်ဇလီကျေးရွာနေ ဦးအောင်ရွှေ (ရှမ်း/ဗုဒ္ဓ)၏ သမီးဖြစ်သူ မစန်းစန်းမြင့် အသက် ၂၁ နှစ်ဖြစ်ပြီး သြဂုတ် ၂၂ ရက် ညနေ ၅ နာရီခန့်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးအောင်ရွှေသည် မယ်ဇလီကျေးရွာအနီး လယ်တောတွင် မိသားစုနှင့်အတူ လယ်ယာလုပ်ငန်း လုပ်ကိုင်နေရာမှ သားဖြစ်သူ မောင်နိုင်လင်းသည် ဦးအောင်ရွှေထံသို့ ရောက်ရှိလာပြီး အစ်မဖြစ်သူ မစန်းစန်းမြင့်အား လာရောက်ကြိုခြင်းဖြစ်ကြောင်းပြောရာ ဦးအောင်ရွှေမှ သားဖြစ်သူ မောင်နိုင်လင်းအား မေးမြန်းရာ မစန်းစန်းမြင့်သည် ဦးအောင်ရွှေထံသို့ ထမင်းပို့ရန်အတွက် သြဂုတ် ၂၂ ရက် နံနက် ၉ နာရီအချိန်ခန့်က ကျေးရွာမှတစ်ဦးတည်း လယ်တောဘက်သို့ ထွက်လာကြောင်း ပြောဆိုသဖြင့် ဦးအောင်ရွှေသည် သမီးဖြစ်သူအား လိုက်လံရှာဖွေရာ တွေ့ရှိခြင်းမရှိသဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်လွင်အား အကူအညီတောင်းကာ ရွာသူရွာသားများနှင့် ထပ်မံရှာဖွေရာ သြဂုတ် ၂၃ ရက် ညနေ ၄ နာရီတွင် မယ်ဇလီကျေးရွာအနီး တောထဲ၌ မစန်းစန်းမြင့်၏ ခန္ဓာကိုယ်တစ်ခုလုံး အဝတ်ဗလာဖြင့် ယာဘက်သို့ ဘေးတစောင်း အနေအထားဖြင့် စအိုသွေးထွက်၊ မစင်ထွက်၊ လည်ပင်းညိုမည်းဒဏ်ရာ၊ ယာဘက်မျက်ခုံး ညိုမည်းဒဏ်ရာ၊ ယာဘက်နားသွေးထွက်၊ အပေါ်နှုတ်ခမ်းသွေးထွက် ဒဏ်ရာများရရှိကာ သစ်ရွက်များဖုံးအုပ်လျက် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

မစန်းစန်းမြင့်အား သားမယားအဖြစ် ပြုကျင့်ပြီးသတ်ဖြတ်ခဲ့သူနှင့် အသုံးပြုသော လက်နက်ကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ဟုမ္မလင်းမြို့မရဲစခန်းမှ သိရသည်။

သားမယားအဖြစ်ပြုကျင့်ခံရပြီး သတ်ဖြတ်ခံရသူ မစန်းစန်းမြင့်၏ ဖခင်ဦးအောင်ရွှေက ၎င်း၏သမီးအား သားမယားအဖြစ် ပြုကျင့်ပြီးသတ်ဖြတ်ခဲ့သူကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် သြဂုတ် ၂၄ ရက်က ဟုမ္မလင်းမြို့မရဲစခန်းတွင် တရားလိုပြုလုပ်၍ တိုင်တန်းထားပြီး ဟုမ္မလင်းမြို့မရဲ့စခန်းမှ (ပ) ၄၀၇/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆/၃၀၂ ဖြင့်အမှုဖွင့်လက်ခံကာ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent