အောင်ရဲထွေးအမှုအား အမိန့်ချမှတ်ရာတွင် အဂတိလိုက်စားကြောင်း ခိုင်လုံသည့် အထောက်အထားရှိနိုင်သည်ဟု ကျော်စောသတင်းအဖြစ် သတ်မှတ်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကိုင်တွယ်မည်ဖြစ်ပြီး စစ်ဆေးချက်များကို အချိန်တန်လျှင်ထုတ်ပြန်မည်ဟုဆို

အောင်ရဲထွေးအမှုအား အမိန့်ချမှတ်ရာတွင် အဂတိလိုက်စားကြောင်း ခိုင်လုံသည့် အထောက်အထားရှိနိုင်သည်ဟု ကျော်စောသတင်းအဖြစ် သတ်မှတ်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကိုင်တွယ်မည်ဖြစ်ပြီး စစ်ဆေးချက်များကို အချိန်တန်လျှင်ထုတ်ပြန်မည်ဟုဆို
Published 4 August 2018

အောင်ရဲထွေးအမှုတွင် ကိုယ်တိုင်ဝန်ခံကာ ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့သူများအား ပထမအကြိမ်ရုံးထုတ်ခဲ့စဉ် (ဓာတ်ပုံ- ပြည့်ဖြိုးအောင်)

အောင်ရဲထွေးအမှုအား အမိန့်ချမှတ်ရာတွင် အဂလိုက်စားကြောင်း ခိုင်လုံသည့် အထောက်အထား ရှိနိုင်သည်ဟု ယုံကြည်သဖြင့် ကျော်စောသတင်းအဖြစ် သတ်မှတ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကိုင်တွယ်မည်ဖြစ်ပြီး စစ်ဆေးချက်များကို အချိန်တန်လျှင် ထုတ်ပြန်မည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဦးဟန်ညွန့်က ပြောကြားသည်။

“အခုချိန်မှာတော့ ဘယ်တော့စစ်မယ်။ စစ်ဆေးချက်တွေက ဘယ်လိုရှိတယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး။ အချိန်တန်ရင် ထုတ်ပြန်ပါ့မယ်” ဟု ဦးဟန်ညွန့်က ပြောကြားသည်။

ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂၀ အရ စစ်ဆေးချက်များကို လက်ရှိတွင် လျှို့ဝှက်ထားခြင်းဖြစ်ပြီး စစ်ဆေးမှုများ ပြီးဆုံးပြီဆိုပါက အများပြည်သူကို ထုတ်ဖော်ပြောကြားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကော်မရှင်က လူတွေရဲ့ ယုံကြည်မှုတေကို အလွဲသုံးစားမလုပ်ပါဘူး။ ပြောဖို့အချိန်တန် ပြီဆိုရင်ပြောမှာပါ” ဟု ဦးဟန်ညွန့်က ပြောကြားသည်။

သြဂုတ် ၃ ရက်တွင် ကော်မရှင်က အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၃၄။၂၀၁၈ တရားလို ဦးသန့်ဇင်ဦးက တရားခံ သန်းထွဋ်အောင်(ခ) သားကြီးပါ သုံးဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စွဲဆိုထားသည့် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့် အမှုကိစ္စနှင့် ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ တရားခံများအပေါ် စွဲဆိုထားသည့် ပြစ်မှုအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဂျာနယ်နှင့် သတင်းမီဒီယာများတွင် အဂတိလိုက်စားမှုရှိနိုင်ကြောင်း သတင်းများ ပျံ့နှံ့ဖြစ်ပေါ်နေကြောင်း၊ အများပြည်သူများ အတွင်း ပျံ့နှံ့နေသော အထက်ပါသတင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်းဖွယ်ရာ ဖြစ်ခြင်းအတွက် ခိုင်လုံသည့် အထောက်အထားရှိနိုင်သည်ဟု ယုံကြည်ရန် အကြောင်းပေါ်ပေါက်သဖြင့် ကော်မရှင်အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(ဂ)အရ ကျော်စောသတင်းအဖြစ် သတ်မှတ်ရန်ဆုံးဖြတ်ခဲ့ပြီး ယင်းဥပဒေပုဒ်မ ၁၇(ဈ) အရ ကော်မရှင်သို့ သတင်းပေးပို့ချက်အဖြစ် အတည်ပြုသတ်မှတ်ကြောင်း ထုတ်ပြန်အပ်သည်ဟု ဖော်ပြထားသည်။

ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သမ္မတအိမ်တော်၌ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့အား ခေါ်ယူတွေ့ဆုံခဲ့သည်။

ယင်းသို့ခေါ်ယူတွေ့ဆုံခဲ့ရာတွင် အမှုရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွှယ်ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျ စိစစ်ကာဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့သည်။

ယင်းသို့မှာကြာအပြီးတွင် ယခုကဲ့သို့ ကျော်စောသတင်းအဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးရန် ကော်မရှင်က အားထုတ်လာခဲ့ခြင်း ဖြစ်သည်။

ကော်မရှင်အနေဖြင့်အမှုနှင့် ဆက်စပ်သည့် လူပုဂ္ဂိုလ်များကို စစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ပြီး ယင်းကဲ့သို့ စစ်ဆေးမှုများ နှင့် ပတ်သက်ပြီး လတ်တလောတွင် ထုတ်ပြန်နိုင်မည် မဟုတ်ပေ။

“အခုကြေညာချက်တောင် တော်တော်သတိထားပြီး ထုတ်ရတယ်။ စကားလုံးရွေးချယ်မှုက အစပေါ့။ ခုနက မေးသလို ဘယ်အချိန်စစ် ဆေးမလဲဆိုတဲ့စကားလုံးတွေ မပါဖို့လိုတယ်။ ဘာကြောင့်ဆိုတော့ ခုနကပြောသလို ကော်မရှင်ရဲ့ ဥပဒေထဲမှာလည်း ပြဋ္ဌာန်းထားပြီးသား ဖြစ်နေတယ်။ ပြောနိုင်တာတစ်ခုကတော့ အချိန်တန်ရင် အသိပေးမယ်” ဟု ဦးဟန်ညွန့်က ပြောကြားသည်။

အောင်ရဲထွေးအမှုအား စတင်ကိုင်တွယ်ခြင်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအား စတုတ္ထအကြိမ်ပြင်ဆင်ခဲ့သည့် ကျော်စောသတင်းပြင်ဆင်ချက်ဖြင့် ကိုင်တွယ်ခြင်းဖြစ်သည်။

ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ကျော်စောသတင်းဆိုသည်မှာ အများပြည်သူအတွင်း ပျံ့နှံ့နေသော သတင်းတစ်ရပ်ရပ်တွင် သူတစ်ဦးဦးသည် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ဥပဒေအရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်းဖွယ်ရာဖြစ်ခြင်းအတွက် ခိုင်လုံသည့် အထောက်အထားရှိနိုင်သည်ဟု ကော်မရှင်က ယုံကြည်ရန်အကြောင်း ပေါ်ပေါက်သော သတင်းကို ဆိုသည်ဟု ဖော်ပြထားသည်။

လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဟာသဗီဒီယိုကလစ်များ တင်ခြင်းကြောင့် ပရိသတ်အားပေးမှုရရှိလာသည့် သရုပ်ဆောင် အောင်ရဲထွေးမှာ နှစ်သစ်ကူးညတွင် သုဝဏ္ဏမြို့နယ်ရှိ  The One Entertainment  သို့ သူ၏ချစ်သူနှင့်အတူ သွားရောက်လည်ပတ်ရာမှ လူတစ်စုက ရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့သည်။

အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ရိုက်နှက်မှုဖြစ်ပွားအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၃ ရက်တွင် သန်းထွဋ်အောင် (ခ) သားကြီးဆိုသူအား သူ၏ဖခင်က ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်။

သရုပ်ဆောင်အောင်ရဲထွေးအား အုပ်စုဖွဲ့ရိုက်နှက်ခဲ့ကြောင်း သန်းထွဋ်အောင် (ခ) သားကြီးက ဝန်ခံခဲ့ပြီး အုပ်စုဖွဲ့ရိုက်နှက်မှုတွင် ၎င်းနှင့်အတူပါဝင်သည့် လှည်းတန်းနေ ပြည့်ဖြိုး အောင် (ခ) အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇော တို့လည်း ပါဝင်ကြောင်း ထွက်ဆိုခဲ့သည်။

အမှုမှ ကျူးလွန်သူများကို ရဲစခန်းသို့ မိဘများကိုယ်တိုင် လာရောက်အပ်နှံခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကလည်း လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ခုနစ်လခန့်အကြာတွင် တရားလိုဘက်မှ အမှုရုပ်သိမ်းသည်ဟုဆိုကာ ဖမ်းဆီးထားသူများမှာ ပြန်လည်လွတ်မြောက်အပြီးတွင် အများပြည်သူက ဝိုင်းဝန်းကန့်ကွက်မှုများ ရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကလည်း ပဲခူးတိုင်းအစိုးရအဖွဲ့နှင့်လည်းကောင်း၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့်လည်းကောင်း တွေ့ဆုံစဉ်တွင် လတ်တလောဖြစ်ပေါ်ခဲ့သော ပြည်သူအချင်းချင်း ကျေအေးခဲ့သည့်အမှုသည် လက်ခံနိုင်စရာမရှိဘဲ တရားစီရင်ရေးမဏ္ဍိုင်ကို တိမ်းစောင်းသွားစေနိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစစ်ဆေးမည်ဟု ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားမှုများအပြီးတွင် သရုပ်ဆောင်အောင်ရဲထွေးအမှုအား ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သမ္မတရုံးမှ ညွှန်ကြားအပြီးတွင် ပြည်ထောင်စုရှေ့နေရုံး၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးမှ ပြင်ဆင်မှုလျှောက်ထားချက်ကို ဇူလိုင် ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်သွင်းခဲ့ရာ တိုင်းဒေသကြီးတရားလွှတ်တော်က ရာဇဝတ် ပြင်ဆင်မှု အမှတ်၂၉၆(ခ)^၂၀၁၈ဖြင့် အမှုကို လက်ခံကာ ဆက်လက်ကြားနာမည်ဖြစ်ပြီး လွတ်မြောက်ခဲ့သူများမှာ အချုပ်လွတ်ဖြင့် တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အမှုမှ ပြန်လည်လွတ်မြောက်သူ သုံးဦးထံ သမ္မန်စာပေးပို့ထားပြီး အမှုအား ထပ်မံစစ်ဆေးမည် ဖြစ်သည်။

ဇူလိုင် ၃၀ ရက်တွင် သမ္မန်စာပေးပို့ထားပြီးဖြစ်သည်ဟု ရန်ကုန်တိုင်းတရားလွှတ်တော်က မီဒီယာများအား ထုတ်ပြန်ထားခြင်းကြောင့် အမှုအခြေအနေများကို ထပ်မံသိရှိနိုင်ရန် တိုင်းတရားလွှတ်တော်သို့ သွားရောက်မေးမြန်းခဲ့သော်လည်း မေးမြန်းလိုသည့်အကြောင်း အရာများကို စာဖြင့်တင်ရမည်ဖြစ်ပြီး တနင်္လာနေ့မှသာ ဖြေကြားနိုင်မည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမှုမှ ပြန်လည်လွတ်မြောက်ခဲ့သူများမှာ ပြည်ပသို့ ထွက်ခွာသွားသည်ဟူသည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၎င်းတို့မှာ ပြည်ပသို့ ထွက်ခွာသွားခြင်းမရှိကြောင်း၊ ပြည်ပထွက်ခွာခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားထားသည်။

အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး အရှေ့ပိုင်းခရိုင် တရားရုံး၏ အမှုစီရင်ချက်တွင် ဖော်ပြချက်အရ တရားစွဲအဖွဲ့အစည်းမှ အမှုအား ရုပ်သိမ်းရာတွင် ကန့်ကွက်မှုများ ရှိနေသော်လည်း တရားလိုပြ သက်သေအားနည်းခြင်းကြောင့် ပုဒ်မ ၃၀၂ ဖြင့် စွဲဆိုထားသည့် ယင်းဖြစ်စဉ်အား ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၉၄ (က) အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ပြီး တရားခံများအား ပြန်လွှတ်ပေးကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ အမှုအား ခရိုင်နှင့်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ အမှုရုပ်သိမ်းကြောင်း တင်ပြလျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး စိတ်ဝင်စားဖွယ် အချက်တစ်ချက်မှာ ပြန်ကြားရေးဝန်ကြီးဌာနပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများ၌ ဇူလိုင် ၂၇ ရက်တွင် ဥပဒေဆောင်းပါး တစ်ပုဒ်နှင့် ပြည်သူ့ကဏ္ဍဆိုသည်တို့ ပါဝင်လာခြင်း ဖြစ်သည်။

အောင်ရဲထွေး၏ အမှုအား ဇူလိုင် ၂၅ ရက်တွင် အမိန့်ချခဲ့ခြင်းဖြစ်ပြီး ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာသည်မှာ ဇူလိုင် ၂၇ ရက်မှသာဖြစ်ကာ ယင်းနေ့တွင်ပင် အဆိုပါရေးသားချက်များကို အစိုးရသတင်း စာနှစ်စောင်က ဖော်ပြလာခဲ့ခြင်း ဖြစ်သည်။

ယင်းသို့အစိုးရပိုင် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစာများတွင် အမှုနှင့်ဆက်စပ်သည့် ဆောင်းပါးနှင့် ပြည်သူ့ကဏ္ဍများ၌ တရားခံအား ကာကွယ်သည့် သဘောရေးသား ဖော်ပြခဲ့ခြင်းကြောင့် အဆိုပါအမှု၏ နောက်ကွယ်မှ ပါဝင်ပတ်သက်သူများ၏ သြဇာကြီးထွားမှုမှာ မေးခွန်းထုတ်စရာဖြစ်လာကြောင်း လူမှုကွန်ရက်တွင် ဝေဖန်လျက်ရှိသည်ကို တွေ့ရသည်။

ထိုသို့ အစိုးရပိုင်သတင်းစာနှစ်စောင်တွင် ယင်းကဲ့သို့ ဆောင်းပါးများ ထည့်သွင်းဖော်ပြနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူးမှာ တာဝန်နှင့် အခွင့်အရေးမရှိသူဖြစ်သည်ဟု သုံးသပ်ကြပြီး ယင်းသို့ လုပ်ဆောင်ရန် နောက်ကွယ်မှ စေခိုင်းညွှန်ကြားနိုင်သူ၏ သြဇာနှင့် အရှိန်အဝါမှာ မေးခွန်းထုတ်စရာဖြစ်ပြီး ၎င်းတို့အား စုံစမ်းစစ်ဆေးပေးရန် လူမှုကွန်ရက်စာမျက်နှာများတွင် အများပြည်သူက တောင်းဆိုလျက်ရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီးနောက် ကွယ်တွင် ကြိုးကိုင်ချယ်လှယ်သူများမှာ အရှိန်အဝါ ရှိသူများဖြစ်နိုင်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဆောင်းပါးများအဖြစ် ထည့်သွင်းဖော်ပြနိုင်ခြင်းမှာ မေးခွန်းထုတ်စရာ အခြေအနေဖြစ်ကြောင်း အများပြည်သူများ အကြားဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။

ယင်းအပြင် အမှုနောက်ကွယ်မှ ခိုင်းစေသူများ၊ ဆောင်ရွက်ပေးနေသူများကိုလည်း တရားဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ပေးရန်၊ အမှုနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာ မှုရှိရန် လိုအပ်ကြောင်း အများပြည်သူများက တောင်းဆိုလျက်ရှိသည်။

 

Most Read

Most Recent