<

ဒုံသမိချောင်းရေလျှံမှုကြောင့် သထုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၈) အုပ်စုအတွင်းမှ ကျေးရွာပေါင်း (၃၀) ကျော် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပြီး လူဦးရေ ၁၅၀၀၀ ကျော် ရေဘေးသင့်နေဟုဆို

ဒုံသမိချောင်းရေလျှံမှုကြောင့် ရေနစ်မြုပ်နေသည့် အိမ်အချို့အား တွေ့ရစဉ်

 

မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျရေ ကျဆင်းမှုတို့ကြောင့် ဒုံသမိချောင်းရေလျှံမှုဖြစ်ပေါ်ကာ မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၈) အုပ်စုအတွင်းမှ ကျေးရွာပေါင်း (၃၀) ကျော်ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေပြီးလူဦးရေ  ၁၅၀၀၀ ကျော် ရေဘေးသင့်နေကြောင်း သထုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေအမှတ်(၁)မှ ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

“သထုံမြို့ နယ်မှာ နောက်ဆုံးအခြေအနေက ရေလွှမ်းတဲ့ကျေးရွာအုပ်စုက (၁၈) အုပ်စုရှိတယ်။ ရွာပေါင်း (၃၀) ကျော် ရေလွှမ်းခံနေရပါတယ်။ ရေဘေးသင့်ပြည်သူတွေထဲမှာ တချို့က ကယ်ဆယ်ရေးစခန်းတွေ ကိုရောက်လာမှ ထည့်တွက်ကြတယ်။ ဒါပေမဲ့ ဒီနေရာမှာဖြစ်နေတဲ့ဖြစ်စဉ်က ရွာတွေကို ရေတွေဝင်နေတယ်။ ရွာထဲမှာကိုက ရေက လေးပေလောက်ရှိနေတယ်။ အဲဒီရွာတွေက လူတွေကလည်း ဘယ်လိုထွက်ရမှန်းမသိကြဘူးဖြစ်နေတယ်။ အဲဒီလိုရွာတွေအားလုံး ပေါင်း (၂၆) ရွာကျော် ရှိနေပါတယ်။ အိမ်ထောင်စု (၃၀၀) ကျော်ရှိပြီးတော့ လူဦးရေ (၁၅၀၀၀) ကျော်ရှိနေပါတယ်” ဟုပြောကြားသည်။

“ကျေးရွာတွေမှာ ဆန်၊ ဆီ ရှိပေမဲ့ ချက်စားလို့မရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ရေတွေကပြည့်နေတာကို။ ကျွန်မတို့ က ထမင်းထုပ်တွေ နေ့စဉ်ပို့ပေးနေရပါတယ်။ ထမင်းထုပ်က မလောက်ဘူးလို့ ပြောရမယ်။ နောက်ရေသန့် ပြဿနာရှိပါတယ်။လက်ရှိမှာ ဒီအထက်ဈေးမသွယ်ရွာကနေ ထမင်းထုပ်တွေကိုလှေတွေနဲ့ထည့်ပေးနေပါတယ်။ ထမင်းထုပ်တွေနဲ့အတူ သောက်ရေသန့်တွေကိုပါ တစ်ပါတည်းထည့်ပေးရပါတယ်။ ဒီထဲမှာ ထူးခြားတာက ကရင်ပြည်နယ်ဘက်ကရွာ နှစ်ရွာဖြစ်တဲ့ ငါးနက်ပြာကျေးရွာနဲ့ထုံးဘိုကွေ့ ကျေးရွာကို ကျွန်မတို့ သထုံကနေ ထောက်ပံ့ ပေးနေရပါတယ်။ အဲဒီရွာတွေက ဒုံသမိချောင်းရဲ့တစ်ဖက်ကမ်း၊  ကြက်တူရွေးတောင်ကျေးရွာ ရဲ့ မျက်နှာချင်းဆိုင်မှာရှိနေတယ်။ အဲဒီရွာတွေက ကရင်ပြည်နယ်ထဲမှာရှိပေမဲ့ သထုံဘက်နဲ့နီးတော့ ဒီဘက်မှာပဲလာပြီးအကူ အညီလာတောင်းတဲ့အတွက် အဲဒီ နှစ်ရွာကိုပါ  ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေပါတယ်”  ဟုဒေါ်ခိုင်ခိုင်လဲ့က ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ရွာမှာက အိမ်ခြေ  ၂၀၀ ကျော်ရေလွှမ်းနေတယ်။ ရေတွင်းတွေလည်း မြုပ်နေတော့ သောက်သုံးရေ အခက်အခဲဖြစ်နေပါတယ်။ နောက်ပြီး နွမ်းပါးတဲ့ မိသားစုတွေ ချက်ပြုတ်စားသောက်ဖို့က နေအိမ်တွေရေ တွေမြုပ်နေတော့  အခက်အခဲတွေတွေ့နေရပါတယ်။ ရေကျသွားပြီထားဦး အိမ်ကရေမြုပ်ခဲ့တော့ ချက်ဖို့ပြုတ်ဖို့က အခက်အခဲတွေတွေ့ရဦးမှာပါ” ဟု ဒလပန်းကျေးရွာမှ ဦးဘပုက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အခုလောလောဆယ် လိုအပ်တာကရေသန့်တွေလိုနေပါတယ်။ အဲဒါအဓိကပါ။ နောက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေလိုအပ်မယ်။ အခု လက်ရှိကျန်းမာရေးအဖွဲ့တွေ ရွာတွေကိုလိုက်ဝင်ပေးနေတာတော့ရှိတယ်။ တပ်ကလည်း ကျန်းမာရေးစောင့်ရှောက်မှု လိုက်ပေးနေတယ်”  ဟုပြောကြားသည်။

“ရွာမှာက ဒုတိယ၀ါဆိုလပြည့်မတိုင်ခင်ကတည်းကရေမြုပ်နေတာ။ ရေကပြန်မကျဘူး။ ထပ်ထပ်တိုးနေတယ်။ အခု သံလွင်မြစ်ရေတိုးမှာ ကျွန်တော်တို့ကြောက်နေရတယ်။ ကျွန်တော်တို့ရွာတွေက သံလွင်ရေကို ကြည့်နေရတော့ သံလွင်ရေကျရင် ကျွန်တော် တို့မှာကျမယ်။ သံလွင်ရေတိုးရင် ကျွန်တော်တို့မှာ ထပ်တိုးမယ်။ ကျွန်တော်တို့ရွာတွေက စပါးစိုက်ကြတော့ အခုစပါးခင်းတွေရေမြုပ်နေတာ ဟိုး ဒုတိယ၀ါဆိုလပြည့် မတိုင်ခင်ကတည်းက မျိုးစပါးတွေမြုပ်နေတာ အခုချိန်အထိပါပဲ” ဟု ဦးဘပုက ဆက်လက်ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေ ကျဆင်းမှုများကြောင့်  မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင် မြို့နယ်နှင့် ကျိုက်မရောမြို့နယ်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ရေဘေး ရှောင်နှင့် ရေဘေးသင့်ပြည်သူသောင်းနှင့် ချီပြီးရှိနေဆဲဖြစ်ကြောင်း သိရသည်။

August 3, 2018














Copy Protected by Chetan's WP-Copyprotect.