<

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး မြို့တွင်းရထားပြေးဆွဲမှုများလည်း ယာယီရပ်တန့်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် သြဂုတ် ၂ ရက် ညနေက ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)

ရန်ကုန်တိုင်းဒေသကြီးအတွင်း သြဂုတ် ၂ ရက်တွင် မိုးသည်းထန်စွာရွာသဖြင့် မြို့နယ်အချို့၌ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး မြို့တွင်း ရထားပြေးဆွဲမှုများလည်း ရပ်တန့်ခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုဖြစ်ခဲ့သည့် မြို့နယ်များမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စမ်းချောင်း၊ မင်္ဂလာဒုံ၊ အင်းစိန်နှင့် ရွှေပြည်သာ စသည့် မြို့နယ်များဖြစ်ပြီး အခြားမြို့နယ်အချို့တွင်လည်း လမ်းများပေါ်တွင် ရေပြည့်ရေလျှံနေသဖြင့် လမ်းပိတ်ဆို့ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရေကြီးရေလျှံမှုဒဏ်အများဆုံး ခံစားရသည့်မြို့နယ်မှာ ရွှေပြည်သာမြို့နယ်ဖြစ်ပြီး ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ရွှေပြည်သာမြို့နယ် အမှတ်(၂၄)ဇီးကုန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို မီးသတ်ဦးစီးဌာနမှ သန္ဓေ ၃၀၊ အရန်အင်အား ၅၀ ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်။

ရေကြီးမှုဖြစ်ပွားခဲ့သည့် နေရာမှ လူဦးရေ ၄၁၁ ဦးအား ရွှေပြည်သာမြို့နယ် ရွှေမြို့ဝန် ဇီးကုန်းဘုန်းတော်ကြီးကျောင်းသို့ သက်ဆိုင်ရာတာဝန်ရှိသူများမှ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

ရေတက်လာရခြင်းမှာ မိုးသည်းထန်စွာ ရွာသဖြင့် ငွေချောင်းသာချောင်းရေမြင့်တက်လာပြီး ရွှေပြည်သာမြို့နယ် အမှတ် ၂၄ ရပ်ကွက်အတွင်းသို့ ရေ၀င်ရောက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

ရွှေပြည်သာမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာတွင် မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်မှုများ ပြုလုပ်စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့)

ထို့ပြင် ရွှေပြည်သာမြို့နယ်ရှိ အခြေခံ မူလတန်းကျောင်းတစ်ကျောင်းအတွင်းထိ မိုးရေများ ၀င်ရောက်နေခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝရပ်ကွက်အတွင်း သာမန်ထက်ပိုသည့်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းမြို့နယ်နေသူတစ်ဦးထံမှ သိရသည်။

အင်းစိန်မြို့နယ်တွင်လည်း အင်းစိန်ဂုံး တံတားအဆင်းတွင်လည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်အချို့လည်း ရပ်တန့်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသည်းထန်​စွာ ရွာသွန်းမှု​ကြောင့်​ ရန်​ကုန်​မြို့ပတ်​လမ်းပိုင်းအချို့၌ သံလမ်းအထက်​​ရေ​ကျော်​မှုများဖြစ်​ပွားခဲ့ပြီး အစုန်​၊ အဆန်​ရထားများ ပိတ်​မိခဲ့ပြီး ရထား​ပြေးဆွဲမှု​ခေတ္တ ရပ်ဆိုင်းခဲ့ရကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

သြဂုတ်​ ၂ ရက်​​ မွန်းလွဲသုံးနာရီခန့်​က မိုးသည်းထန်​စွာရွာသွန်းခဲ့သဖြင့်​ သံလမ်းအထက်​​​ရေ​ကျော်​ကာ အစုန်​အဆန်​ရထားများ ပိတ်​မိခဲ့ပြီး ခရီးသည်များတစ်​စုံတစ်​ရာ ထိခိုက်​ခြင်း မရှိခဲ့​ကြောင်း သိရသည်​။

ပိတ်​မိခဲ့သည့်​နေရာမှာ မြို့ပတ်​လမ်းပိုင်း အလုံလမ်းဘူတာတွင်​ဖြစ်​ပြီး ယင်းဘူတာတွင် ​သံလမ်းအထက်​ ၁၉ လက်​မခန့်​ ​ရေ​ကျော်​တက်​ခဲ့သည့်​အတွက်​ မြို့ပတ်​ရထား အစုန်​၊ အဆန်​ ငါးစင်းပိတ်​မိခဲ့​ကြောင်း သိရသည်။

“မိုးကအဆက်​မပြတ်​​ရွာေ​နတော့ အလုံလမ်းဘူတာ သံလမ်းအထက်​မှာ ​ရေက ၁၉ လက်​မခန့်​​လောက်​ ​ကျော်​တက်​တာ​ပေါ့။ မြို့ပတ်​ရထားအစုန်​၊ အဆန် ​ငါးစီးပိတ်​မိခဲ့တယ်။ ခရီးသည်​​တွေ အဆင်​​ပြေ​အောင်​​တော့ ဆရာတို့ စီစဉ်​​ပေး​နေတယ်​။ ရေက​တော်​​တော်​နဲ့ မကျဘူး” ဟု မြန်​မာ့မီးရထားတိုင်း(၇)မှ သွားလာ​ရေး မန်​​နေဂျာ ဦး​ဇော်​လွင်​က​ ပြောကြားသည်။

ခရီးသည်​များ အဆင်​​ပြေ​စေရန်​အတွက်​ ရန်​ကုန်​ဘက်​မှ ​လှော်​ကားသွားမည့်​ခရီးသည်​များအတွက်​ မင်္ဂလာဒုံဘက်​မှပတ်​၍ RBE တစ်​စီး​စေလွှတ်​​ပေးခဲ့​ကြောင်း၊​ နောက်​ရက်​များတွင်​ မိုးသည်းထန်​စွာရွာသွန်းမှုများ ဖြစ်​ပွားခဲ့ပါက ခရီးသည်​များ အဆင်​​ပြေ​စေရန်​နှင့်​​ အချိန်​ကြန့်ကြာမှုမရှိ​အောင် ​​ဆောင်​ရွက်​​ပေးမည်​ဖြစ်​​ကြောင်း သိရသည်​။ သီဟအောင်၊ ငြိမ်းငြိမ်းသူ

August 3, 2018














Copy Protected by Chetan's WP-Copyprotect.