MSME ထုတ်ကုန်များကို စနစ်တကျ စစ်ဆေးမည့် စမ်းသပ်ကိရိယာများ မရှိသည့်အပြင် FDA လက်မှတ်မရကြသည့်အတွက် ဈေးကွက်မှ ယုံကြည်လက်ခံရန် အားနည်းနေကြောင်း ဒုတိယသမ္မတ ပြောကြား

MSME ထုတ်ကုန်များကို စနစ်တကျ စစ်ဆေးမည့် စမ်းသပ်ကိရိယာများ မရှိသည့်အပြင် FDA လက်မှတ်မရကြသည့်အတွက် ဈေးကွက်မှ ယုံကြည်လက်ခံရန် အားနည်းနေကြောင်း ဒုတိယသမ္မတ ပြောကြား
Published 3 August 2018

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် သြဂုတ် ၂ ရက်က ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးကို တွေ့ရစဉ်

MSME ထုတ်ကုန်များကို စနစ်တကျ စစ်ဆေးမည့် စမ်းသပ်ကိရိယာများနှင့် FDA လက်မှတ်မရကြသည့်အတွက် ဈေးကွက်မှ ယုံကြည်လက်ခံရန် အားနည်းနေကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် သြဂုတ် ၂ ရက်က ပြုလုပ်သည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ၂/၂၀၁၈ ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယသမ္မတဦးမြင့်ဆွေက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဈေးကွက်မှ ယုံကြည်လက်ခံရန် အားနည်းနေသည့်အတွက် ဝန်ကြီးဌာနများတွင်ရှိသည့် Laboratory Test Center များတွင် စစ်ဆေးခွင့်ပေးခြင်း၊ ထုတ်ကုန်အရည်အသွေးပြည့်မီမှု Certificate ထုတ်ပေးခြင်း၊ SME Logo တရားဝင်ထုတ်ပေးပြီး အသုံးပြုစေခြင်းစနစ်များ ထူထောင်စေလိုကြောင်း ဒုတိယသမ္မတက ဆိုသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ MSME များရဲ့ ၆၅ ရာခိုင်နှုန်းဟာ လယ်ယာထွက်ကုန်များကို စားသောက်ကုန်များအဖြစ် Value Added အဖြစ် ဆောင်ရွက်နေကြပါတယ်။ MSME တွေမှာ သူတို့ရဲ့ထုတ်ကုန်တွေကို စနစ်တကျ စစ်ဆေးမယ့် စမ်းသပ်ကိရိယာတွေမရှိတဲ့အပြင် FDA လက်မှတ်မရကြတဲ့အတွက် ဈေးကွက်က ယုံကြည်လက်ခံဖို့ အားနည်းနေပါတယ်” ဟု ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားသည်။

အားနည်းနေသည့် MSME များ ကြိုးစားချင်စိတ် ဖြစ်ပေါ်လာစေရန်အတွက် ပြည်တွင်းရှိ Super Market များ၊ ဒေသတွင်း အရောင်းခန်းမများတွင် နေရာစီစဉ်ကာ ရောင်းချခွင့်ပေးခြင်းများ ဆောင်ရွက်စေပြီး အရည်အသွေးပြည့်မီသည့် Made in Myanmar ထုတ်ကုန်များကို လေဆိပ်များ၊ ကားဂိတ်များ၊ အမြန်လမ်းရှိ အပန်းဖြေစခန်းများ၊ စားသောက်ဆိုင်များ၊ Supermarket များတွင် Counter ဖွင့်လှစ်ရောင်းချခြင်းကို ဒေသအလိုက် Infrasturcture အခြေအနေအရ ညှိနှိုင်းစီစဉ်ရန်လိုကြောင်း ဒုတိယသမ္မတက ဆိုသည်။

“တချို့ SME များသည် သူတို့ထုတ်ကုန်ကို နိုင်ငံခြားအဝယ်တွေ လက်ခံစေရန် ထုတ်ကုန်နမူနာတွေကို နိုင်ငံခြားပို့ပြီး စစ်ဆေးရပါတယ်။ အဝယ်ဘက်က စစ်ဆေးပြီး အရည်အသွေးပြည့်မီမှသာ ဝယ်ယူကြပါတယ်။ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှာလည်း SME တွေကို တာဝန်ယူတဲ့ဌာနက Certificate ထုတ်ပေးတဲ့အတွက် အခြားနိုင်ငံများက ထပ်မံစစ်ဆေးခြင်းမပြုတော့ဘဲ သက်ဆိုင်ရာ နိုင်ငံအသိအမှတ်ပြုထားတဲ့ ထုတ်ကုန်တွေကို ယုံကြည်စွာ ဝယ်သုံးစွဲနေကြပါတယ်။ ဒါကြောင့် MSME များကို Facilitate ပံ့ပိုးပေးနိုင်ရေး တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါတယ်” ဟု ဒုတိယသမ္မတက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် လာမည့် နိုဝင်ဘာတွင် ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ACCMSME) အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီနှင့် အမေရိကန် (USAID) တို့မှ ကိုယ်စားလှယ်များ၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်း (OECD)၊ ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေး တိုးတက်ရေးအစည်းအဝေး (UNIDO) နှင့် ဂျာမနီ GIZ တို့မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent