ဧရာဝတီတိုင်းလွှတ်တော် ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမပုံမှန် အစည်းအဝေးများတွင် အစိုးရကပေးခဲ့သည့် ကတိကဝတ် ၇၄ ခုအနက် ၃၉ ခုသာ ဆောင်ရွက်ပြီးစီးကြောင်း သိရ

ဧရာဝတီတိုင်းလွှတ်တော် ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမပုံမှန် အစည်းအဝေးများတွင် အစိုးရကပေးခဲ့သည့် ကတိကဝတ် ၇၄ ခုအနက် ၃၉ ခုသာ ဆောင်ရွက်ပြီးစီးကြောင်း သိရ
Published 3 August 2018

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ရောက်ရှိသည်အထိ လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး၊ ဆဋ္ဌမပုံမှန်အစည်းအဝေး၊ သတ္တမပုံမှန်အစည်းအဝေးများတွင် အစိုးရက ပေးအပ်ခဲ့သည့် ကတိကဝတ် ၇၄ ခုအနက် ၃၉ ခုသာ ဆောင်ရွက်ပြီးစီးသေးပြီး ရာခိုင်နှုန်းအားဖြင့် ၅၃ ရာခိုင်နှုန်းသာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် တရားစီရင်ရေး၊ ဥပဒေရေးရာဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမ ပုံမှန်လွှတ်တော်အစည်းအဝေးများတွင် အစိုးရက ပေးအပ်ထားသည့် ကတိကဝတ်များနှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက် အစီရင်ခံစာအား တင်သွင်းရာတွင် လွှတ်တော်ပုံမှန် အစည်းအဝေးသုံးရပ်တွင် မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၁၂၃ ခုအနက် ကတိကဝတ် ၇၄ ခုရှိကြောင်း၊ အစိုးရက ဆောင်ရွက်ပြီးစီးခဲ့သည့် ကတိကဝတ် ၃၉ ခုရှိပြီး ဆောင်ရွက်ဆဲလုပ်ငန်း ၃၅ ခုရှိကြောင်း ထည့်သွင်းအစီရင်ခံခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့က ကတိကဝတ်များအား အကောင်အထည်ဖော်ရာတွင် လိုအပ်ချက်များနှင့် ပတ်သက်၍ ကော်မတီက ယခုကဲ့သို့ တိုက်တွန်းပြောကြားသည်။

“ကတိကဝတ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကတိကဝတ်ကော်မတီသို့ လာရောက် ဖြေကြားရာတွင် ဆုံးဖြတ်ပေးနိုင်သော ဌာနအကြီးအမှူးကိုယ်တိုင် လာရောက်ဖြေကြားပေးရန် အကြံပြုပါတယ်။ တည်ဆောက်ရေးလုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်သော ဝန်ကြီးဌာနများ အနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သော ကုမ္ပဏီများ၊ ဌာနများအား အရည်အသွေး မီ မမီ၊ စာချုပ်ပါစည်းကမ်းများ လိုက်နာမှု ရှိ မရှိသေချာစွာ စိစစ်ရန်နှင့် လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း အကြံပြု တိုက်တွန်းပါတယ်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသောမေးခွန်းများ ဖြေကြားရာတွင် အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်နိုင်မှု အခြေအနေပေါ်မူတည်၍ အတတ်နိုင်ဆုံး ရှင်းလင်း ဖြေကြားပေးရန် အကြံပြုပါတယ်။ ဥပမာအားဖြင့် တစ်တိုင်းလုံးနဲ့ဆိုင်သော မေးခွန်းအား မေးမြန်းသူ၏ မြို့နယ်အကြောင်းသာ ဖြေကြားပေးခြင်းမျိုးထက် တစ်တိုင်းလုံးအတွက် ဖြေကြားပေးဖို့ လိုအပ်ပါတယ်” ဟု ကတိကဝတ်ကော်မတီဥက္ကဋ္ဌ ဦးဇေယျာမင်းသိန်းက ပြောကြားသည်။

ကတိကဝတ်များအပေါ် အစိုးရက ဝန်ကြီးဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆောင်ရွက်ပြီးစီးမှုများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနမှ ပြီးစီးမှု ၄၆ ရာခိုင်နှုန်း၊ လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီးဌာနမှ ပြီးစီးမှု ၅၆ ရာခိုင်နှုန်း၊ လူမှုရေးဝန်ကြီးဌာနမှ ပြီးစီးမှု ၅၈ ရာခိုင်နှုန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြီးစီးမှု ရာခိုင်နှုန်း ၅၀၊ စည်ပင်သာယာရေး ဝန်ကြီးဌာနမှ ပြီးစီးမှု ၃၃ ရာခိုင်နှုန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြီးစီးမှု ရာခိုင်နှုန်း ၁၀၀ တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent