ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားစွဲခံထားရသည့် ငါးမင်းဆွေအမှု တရားလိုကို စစ်ဆေးခဲ့ပြီး သြဂုတ် ၁၄ ရက်သို့ ရုံးချိန်းပြန်ချိန်း

ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားစွဲခံထားရသည့် ငါးမင်းဆွေအမှု တရားလိုကို စစ်ဆေးခဲ့ပြီး သြဂုတ် ၁၄ ရက်သို့ ရုံးချိန်းပြန်ချိန်း
Published 2 August 2018

ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည့် ပုဒ်မဖြင့် တရားစွဲခံထားရသည့် ငါးမင်းဆွေအမှုတွင် တရားလိုအား စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းကို သြဂုတ် ၁၄ ရက်သို့ ပြန်လည် ချိန်းဆိုထားကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။ အနောက်ပိုင်းခရိုင် တရားရုံး၌ ပုဒ်မ -၁၂၄ (က) ဖြင့် တရားစွဲခံထားရသူ ငါးမင်းဆွေကို ဇူလိုင် ၃၁ ရက်တွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

“ငါးမင်းဆွေကို မနေ့က ရုံးထုတ်ခဲ့ပါတယ်။ တရားလိုကို စစ်ဆေးခဲ့တာပါ။ နောက်ရုံးချိန်းကိုတော့ သြဂုတ် ၁၄ ရက်ကို ချိန်းဆိုထားပါတယ်။ ဘယ်သူ့ကို စစ်မယ်ဆိုတာတော့ မသိပါဘူး”ဟု ရန်လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက သြဂုတ် ၁ ရက်တွင် ပြောကြားသည်။ လှိုင်မြို့နယ်၊ လှိုင်မြင့်မိုရ်အိမ်ရာ၊ မာဃလမ်း၊ ၁၀ ရပ်ကွက်နေ ငါးမင်းဆွေကို ဇူလိုင် ၁၂ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ငါးမင်းဆွေ နေအိမ်သို့ သွားရောက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငါးမင်းဆွေကို ဖမ်းဆီး တရားစွဲဆိုရခြင်းမှာ အစိုးရအား အများပြည်သူက မလိုမုန်းထား မလေးစားအောင် ရေးသားမှုများကြောင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ငါးမင်းဆွေမှာ လှိုင်မြို့နယ်အတွင်း နေထိုင်သည်မှာ ငါးနှစ်ကျော်ခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း (၁၀) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်အရ သိရသည်။

ပုဒ်မ-၁၂၄ (က) မှာ မည်သူမဆို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ အမှတ်အသားဖြင့် ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ၊ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးမစားအောင်သော်လည်းကောင်း ပြုလျှင်၊ သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် ထိုသို့ လှုံ့ဆော်ရန် အားထုတ်လျှင်၊ ထိုသူကို ငွေဒဏ်နှင့် တစ်ကွ တသက်တကျွန်းဒဏ် ဖြစ်စေ၊ ငွေနှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက်သက်ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

 

Most Read

Most Recent