YBS စနစ် တစ်နှစ်ခွဲကျော်အထိ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းအချို့ ရှိနေပြီး ယာဉ်စီးခ ပေးမစီးခြင်း အပါအဝင် စည်းကမ်းဖောက်ဖျက်သော ခရီးသည်များလည်း ရှိကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား

YBS စနစ် တစ်နှစ်ခွဲကျော်အထိ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းအချို့ ရှိနေပြီး ယာဉ်စီးခ ပေးမစီးခြင်း အပါအဝင် စည်းကမ်းဖောက်ဖျက်သော ခရီးသည်များလည်း ရှိကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား
Published 2 August 2018

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

YBS စနစ် တစ်နှစ်ခွဲကျော်အထိ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းအချို့ ရှိနေဆဲဖြစ်ပြီး ယာဉ်စီးခ ပေးမစီးခြင်း အပါအဝင် စည်းကမ်းဖောက်ဖျက်သော ခရီးသည်များလည်း ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောကြားသည်။

ဇူလိုင် ၃၁ ရက်က Gandamar Grand Ballroom တွင်ပြုလုပ်သည့် YUPT ကုမ္ပဏီ၏ ပထမအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးနှင့် ဒါရိုက်တာရွေးချယ်ပွဲ အခမ်းအနား၌ အမှာစကားပြောကြားရာတွင် ဝန်ကြီး ဒေါ်နီလာကျော်က ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မ လွှတ်တော်ထဲမှာလည်း ဖြေပါတယ်။ ယာဉ်မောင်းတွေသာလျှင် စည်းကမ်းဖောက်ဖျက်တာ မဟုတ်ပါဘူး။ ယာဉ်မောင်းတွေ၊ ယာဉ်လိုင်း တာဝန်ရှိသူတွေလည်း ပြည်သူပဲ။ ခရီးသွားလည်း ပြည်သူပဲ။ အဲဒီပြည်သူ အချင်းချင်းမှာ ခရီးသွားဘက်က စည်းကမ်းဖောက်ဖျက်တာ အများကြီးပဲ။ ဒါက ယာဉ်ပိုင်ရှင်တွေရော၊ ရှယ်ယာ ပါဝင်သူတွေရော အားလုံး သိပါတယ်။ ကားခ ပေးမစီးတဲ့သူတွေလည်း အခုအချိန်ထိ ရာခိုင်နှုန်း တော်တော်များပါတယ်။ စည်းကမ်းဖောက်ဖျက်တယ်။ ယာဉ်မောင်းကို သူတို့ ရပ်ခိုင်းတဲ့နေရာမှာ မရပ်ပေးလို့ ပြောကြ ဆိုကြတယ်။ ဒါမျိုးတွေကလည်း အမြဲဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်မတို့တွေက တိုင်ကြားစာ တစ်ခုခု တက်လာပြီးဆိုရင် ဖြစ်စဉ်ကို စုံစမ်းတယ်။ ဘယ်သူလွန်တာ စုံစမ်းတယ်။ တစ်ခုရှိတာတော့ ယာဉ်မောင်းတွေကို မေတ္တာရပ်ခံတာက ကိုယ့်က အများပြည်သူ သယ်ယူပို့ဆောင်ရေးမှာ လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် ကိုယ်က စိတ်တိုလို့ မရပါဘူး။ ဒေါသထွက်လို့ မရပါဘူး။ တက်နိုင်သမျှ သည်းခံပါ။ သည်းခံကြားက ဥပဒေ ဘောင်ကျော်ပြီး စည်းမျဉ်း စည်းကမ်းကျော်ပြီး ဆောင်ရွက်လာရင် ကျွန်မတို့ဘက် ဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ထို့ပြင် အစိုးရအနေဖြင့် ခရီးသွား ပြည်သူလူထု၏ အသံကို နားထောင်ကြောင်း၊ ယာဉ်လိုင်း အားလုံးတွင်လည်း မိမိ၏ ယာဉ်လိုင်း တစ်လိုင်းချင်းအလိုက် နေ့စဉ်စောင့်ကြည့်၍ အဆင်ပြေအောင် ကြိုးစားနေသည်ကို သိရှိကြောင်း၊ လူအများ ပါဝင်နေသည့် နေ့စဉ်လုပ်ငန်း ဖြစ်သောကြောင့် စည်းကမ်းဖောက်ဖျက်သူများ ရှိနေဆဲဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်မှုများ လျော့ချသွားရန်နှင့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေဘောင်အတွင်းက နေထိုင်၍ လုပ်ကိုင်ကြမှသာ လုပ်ငန်းအောင်မြင် တိုးတက်နိုင်မည်ဖြစ်ကာ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုစနစ် ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

YBS ကတ်စနစ်နှင့် ပတ်သက်၍ မကြာမီ ကျင့်သုံးမည်ဖြစ်ပြီး ကတ်စနစ် ကြန့်ကြာနေရခြင်းမှာ စာချုပ်စာတမ်းနှင့် ငွေကြေးကိစ္စများ ဖြစ်သည့်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် စသည်တို့အထိ တင်ပြရသဖြင့် အချိန်ယူ ဆောင်ရွက်ရကြောင်း သိရသည်။

Most Read

Most Recent