မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ပြုလုပ်သူများထံမှ ငွေကြေးနှင့် လက်ဆောင် တောင်းသော မိုးညိုမြို့နယ် လဝက ဦးစီးမှူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ပြုလုပ်သူများထံမှ ငွေကြေးနှင့် လက်ဆောင် တောင်းသော မိုးညိုမြို့နယ် လဝက ဦးစီးမှူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
Published 2 August 2018

ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မိုးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြန်ကြာရေးအဖွဲ့ခေါင်းဆောင် ဦးဟန်ညွှန့်က သြဂုတ် ၁ ရက်တွင် ပြောကြားသည်။

အဆိုပါ လဝကဦးစီးမှူးသည် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်သူများထံမှ ငွေကြေးနှင့် လက်ဆောင် ပစ္စည်းများ တောင်းခံခြင်း၊ ဦးစီးအရာရှိ ရုံးခန်းအတွင်းရှိ အလှူခံပုံးအတွင်းသို့ အလှူငွေများ ထည့်ဝင်ခိုင်းခြင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပြုလုပ်နေမှုအပေါ် အရေးယူပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားမှုအရ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြန်ကြာရေးအဖွဲ့ခေါင်းဆောင် ဦးဟန်ညွှန့်က “အသေးစိတ် အချက်အလက်ကတော့ တိုင်ချက်ဖွင့်ပြီးတဲ့ နောက်ပိုင်းကျမှ ဦးလေးတို့ ပြောပါမယ်။ ရဲစခန်းကို တိုင်ပြီးပြီ။ တရားရုံးရောက်ပြီဆိုရင် မေးလို့ရပါပြီ။ အခုတော့ သတင်းထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ် မ-၅၆ ဆိုတာ မိမိရဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်တာပါ။ ဥပမာ လဝက ဦးစီးမှူးဆိုရင် မှတ်ပုံတင်တွေ ဘာတွေ ထုတ်ပေးရမှာမို့လား။ လွယ်လွယ်ကူကူ ထုတ်ပေးရမယ့်အစား မလွယ်မကူဖြစ်အောင် လုပ်တာပေါ့။ အဲဒီတော့ မိမိရဲ့လုပ်ကိုင် ဆောင်ရွက်ပေးရမယ့် တာဝန်ကို ကျေပွန်အောင် လုပ်မပေးတဲ့ သဘောပေါ့။ ပိုက်ဆံရမှ လုပ်ပေးမယ် သဘောပေါ့။ အဲဒါကြောင့် ဦးလေးတို့က ၅၆ အရ တရားစွဲတာပါ”ဟု ပြောကြားသည်။

မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မိုးသည် လဝက ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကျပ် ၆၀၀၀၀ ကို လည်းကောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုဇယား ပြုလုပ်သူတို့ထံမှ ကျပ် ၆၀၀၀၀ နှင့် ၁၉၀၀၀ တန် အရက်တစ်ပုလင်းကို လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ လျှောက်ထားသူထံမှ ကျပ် ၂၀၀၀၀ ကို လည်းကောင်း၊ စုစုပေါင်း ကျပ် ၁၄၀၀၀၀ နှင့် အရက်တစ်ပုလင်း တောင်းခံရယူခြင်းဖြင့် အဂတိလိုက်စားမှု ကျူးလွန်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ကြောင်း သိရသည်။

ထို့ပြင် ငွေကြေးမရလျှင် အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲ၍ လုပ်ငန်းဆောင်ရွက်မပေးဘဲ ငွေကြေးပေးမှသာ ဆောင်ရွက်ပေးလေ့ ရှိသည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent