NCA စာချုပ်အရ ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ပြန်လည်သုံးသပ်ရန် အစိုးရ၊ လွှတ်တော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စက်တင်ဘာ ဒုတိယပတ်တွင် တွေ့ဆုံမည်

NCA စာချုပ်အရ ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ပြန်လည်သုံးသပ်ရန် အစိုးရ၊ လွှတ်တော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စက်တင်ဘာ ဒုတိယပတ်တွင် တွေ့ဆုံမည်
Published 2 August 2018

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြန်လည်သုံးသပ်ရန် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် စက်တင်ဘာ ဒုတိယပတ်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောကြားသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အပါအဝင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြဋ္ဌာန်းချက်များနှင့်အညီ ပြုလုပ်ရခြင်းဖြစ်သည်။

“စက်တင်ဘာလ ဒုတိယအပတ်ဆိုပြီးတော့ အကြမ်းဖျင်း သတ်မှတ်ထားပြီးသားပေါ့လေ။ အဲဒီအချိန်မှာဆိုရင်တော့ အဖွဲ့အစုံပေါ့။ အဖွဲ့အစုံဆိုတော့ကာ အစိုးရအစု အဖွဲ့လည်းပါမယ်။ တိုင်းရင်းသားလက်နက်ကိုင်ပါမယ်။ နိုင်ငံရေးပါတီတွေ အစုအဖွဲ့ပါမယ်။ အားလုံးစုပေါင်းပြီးတော့ သုံးသပ်မယ့် ပွဲပေါ့လေ။ စက်တင်ဘာလ ဒုတိယအပတ် မတိုင်ခင်ကတော့ သက်ဆိုင်ရာအစုအဖွဲ့တွေက ကိုယ့်ဟာကိုယ် သုံးသပ်ထားဖို့ဆိုပြီးတော့ ဒီလိုလုပ်ငန်းစဉ် ရှိပါတယ်။ သုံးသပ်မယ်။ လိုအပ်လို့ ပြင်စရာရှိရင်လည်း ပြင်ကြမယ်ပေါ့။ အစုအဖွ့ဲအသီးသီးက သုံးသပ်လာမယ်ဆိုတော့ကာ ဟိုဘက်ဒီဘက် သုံးသပ်ချက်တွေကို ပြန်ပြီးတော့ပေါင်းမယ်။ ပြင်စရာရှိရင်လည်း ပြင်မယ်ပေါ့” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။

လက်ရှိကျင့်သုံးနေသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ ဆွေးနွေးမှုဖြစ်စဉ်သည် အဆင့်များလွန်းသည့်အတွက် ပြင်ဆင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးကလည်း ပြီးခဲ့သည့် ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင် ပြောကြားထားသည်။

အဆိုပါ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (The Framework for Political Dialogue) ကို NCA စာချုပ်အရ အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ရေးဆွဲထားခြင်း ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြင်ဆင်လာသည်မှာ ၁၁ ကြိမ်ခန့်ရှိပြီဖြစ်ကြောင်း UPDJC အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောကြားထားသည်။

Most Read

Most Recent