<

မွန်နိုင်ငံရေးပါတီများနှင့် မွန်နိုင်ငံရေးအင်အားစုများ တစ်ပါတီတည်း ပေါင်းစည်းနိုင်ခြင်းမရှိပါက ချောင်းဆုံမြို့နယ်အတွင်း လူထုတွေ့ဆုံပွဲများ မပြုလုပ်ရန် ဒေသခံအချို့ တောင်းဆို

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ မွန်အမျိုးသားပါတီ (MNP) နှင့် မွန်အမျိုးသားကိုယ်စားပြုပါတီ တည်ထောင်လိုသူများအနေဖြင့် တစ်ပါတီတည်း ပေါင်းစည်းနိုင်ခြင်း မရှိပါက ချောင်းဆုံမြို့နယ်တွင် လူထုတွေ့ဆုံပွဲ မပြုလုပ်ရန် ဒေသခံအချို့က တောင်းဆိုထားကြောင်း သတင်းရရှိသည်။

ချောင်းဆုံမြို့ နယ်အတွင်း လူထုတွေ့ဆုံပွဲများ ပြုလုပ်ရန်အတွက် ဇူလိုင် ၃၀ ရက်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တာဝန်ရှိသူများက ချောင်းဆုံမြို့နယ် ဒေသခံအချို့နှင့် တွေ့ဆုံပြီး ဒေသခံများ၏ အမြင်သဘောထားများအား မေးမြန်းရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“AMDP ပါတီနဲ့ MNP ပါတီလောက်ပဲ ပေါင်းတယ်ဆိုရင် ပြီးပြည့်စုံတဲ့ပေါင်းစည်းမှု မဟုတ်ဘူး။ ကျန်တဲ့ မွန်အမျိုးသားကိုယ်စား ပြုပါတီတည်ထောင်မယ့် မွန်နိုင်ငံရေး အင်အားစုများပါ ပါဝင်မှ အားလုံးပေါင်းစည်းနိုင်မယ့် အနေအထားဖြစ်နေတယ်။ အဲဒီအတွက်ကြောင့် အားလုံးပေါင်းစည်းနိုင်မှ ချောင်းဆုံကိုလာပါလို့ ပြောခဲ့ပါတယ်” ဟု နိုင်ချမ်းအောင်က ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မွန်နိုင်ငံရေးပါတီတွေ ပေါင်းစည်းနိုင်ခြင်းမရှိခဲ့ကြတဲ့အတွက် အားလုံးမြင်တွေ့ထားပြီးကြတဲ့အတိုင်း အောင်မြင်မှုမရခဲ့ဘူး။ တစ်ပါတီတည်း မဖြစ်သေးသရွေ့ မွန်တစ်မျိုးသားလုံးရဲ့ အကျိုးကိုလည်း ဆောင်ရွက်ပေးနိုင်မှာမဟုတ်ဘူး။ AMDP ပါတီ တစ်ပါတီတည်းလည်း မဟုတ်ဘူး။ မွန်အမျိုးသားပါတီ တစ်ပါတီတည်းလည်း မဟုတ်ဘူး။ တစ်ပါတီတည်း မဖြစ်သေးဘူးဆိုရင် ချောင်းဆုံမြို့နယ်မှာ ဘယ်သူမှအတွေ့ခံမှာ မဟုတ်ဘူး။ နောက်ပြီးတော့ ပါတီအသစ်ကို ထူထောင်ဖို့လုပ်နေတဲ့ ရာမညအင်အားစု ပါတီပဲပြောပြော မွန်အမျိုးသားကိုယ်စားပြု ပါတီပဲပြောပြော လာတွေ့ရင် ဘယ်သူမှ အတွေ့ခံမှာမဟုတ်ဘူး” ဟု ဆိုသည်။

နှစ်ပါတီပူးပေါင်းမှု အကောင်အထည်ဖော်ရေး ကော်မတီ၏ ဇူလိုင် ၂၂ ရက်က ပြုလုပ်သည့် စတုတ္ထအကြိမ် ဆွေးနွေးမှုအပြီး မွန်နိုင်ငံရေးပါတီနှစ်ပါတီ ပေါင်းစည်းရေး အောင်မြင်ခဲ့ပြီးနောက် ပါတီသစ်ဗဟိုအလုပ် အမှုဆောင်ကော်မတီနှင့် ပါတီဗဟိုကော်မတီဝင်များအား ရွေးချယ်သတ်မှတ်ခဲ့ပြီးကြောင်း သိရသည်။

August 1, 2018














Copy Protected by Chetan's WP-Copyprotect.