ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် RCSS အဖွဲ့က တပ်သားသစ်စုဆောင်းမှုများ ရှိနေသည့်အတွက် ဒေသခံလူငယ်များ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် RCSS အဖွဲ့က တပ်သားသစ်စုဆောင်းမှုများ ရှိနေသည့်အတွက် ဒေသခံလူငယ်များ ထွက်ပြေးတိမ်းရှောင်နေရ
Published 2 August 2018

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က တပ်သားသစ် စုဆောင်းမှုများ ရှိနေသည့်အတွက် ဒေသခံ လူငယ်အများစုမှာ နေရပ်စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု မိုင်းပျဉ်းမြို့နယ် မိုင်းပွန်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများထံမှ သတင်းရရှိသည်။

မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ အနေဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ထံတွင် ဝင်ရောက်စစ်မှုမထမ်းဆောင်လိုသော်လည်း မဖြစ်မနေ စစ်မှုထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ရွာသားများအကြား မဲနှိုက်ရွေးချယ်နေရကြောင်း သိရသည်။

“ဘယ်လိုလဲဆိုတော့ တစ်ရွာကိုတစ်ယောက်တောင်းတယ်ပေါ့လေ။ ရွာကြီးရင်တော့ နှစ်ယောက်တောင်းပါတယ်။ ရွာသူရွာသားတွေကလည်း ဘယ်သူအရင်သွား၊ ဘယ်သူအရင်သွားနဲ့ အဲဒီလို ဖြစ်နေကြတာပေါ့။ အဲ့ဒါကြောင့် မဲနှိုက်ခိုင်းပြီး ကျတဲ့လူသွားရပါတယ်။ အဲဒီလိုပေါ့။ မဲနှိုက်တာတောင် သိပ်မကြာသေးဘူး။ နှစ်ရက်၊ သုံးရက်ပဲ ရှိသေးတယ်။ အခုလောလောဆယ် မဲပေါက်တဲ့သူတွေကတော့ မသွားရသေးဘူး။ တစ်ရက်၊ နှစ်ရက်တော့ စောင့်ကြည့်ရဦးမယ်ထင်တယ်။ သူတို့လာကြိုရင် ကြိုမှာပေါ့” ဟု မိုင်းပွန်ဒေသခံ တစ်ဦးက ပြောကြားသည်။

မိုင်းပျဉ်းမြို့နယ်အတွင်းရှိ နန်းယောင်း၊ မိုင်းပွန်း၊ ကွန်းဆိုင်၊ ဝမ့်ပျက်၊ ဝမ့်ခုတ်၊ ကျိုင်းတောင်း၊ ဝမ့်ပေါ၊ ဝမ့်ကျန်၊ ကျောင်းကျဉ် စသည့် ကျေးရွာပေါင်း ၁၀ ရွာခန့်တွင် RCSS/SSA က တပ်သားသစ် လာရောက်စုဆောင်းနေခြင်းဖြစ်ပြီး လူငယ်အများစုမှာ စစ်မှုထမ်းဆောင်လိုခြင်း မရှိကြောင်း သိရသည်။

“မိုင်းပွန်အုပ်စုမှာဆိုရင် ကိုးရွာ၊ ၁၀ ရွာလောက်ရှိတယ်။ တာဝန်ကျတဲ့သူအများစုက မသွားချင်ကြဘူး။ တချို့လည်း မိန်းမရှိတယ်။ ကလေးရှိတယ်ဆိုတော့ ဘယ်သူရှာကျွေးမလဲပေါ့။ အဲဒီလို စိုးရိမ်မှုတွေတော့ ရှိတယ်။ လူငယ်တွေဆို ရွာထဲမှာမနေရဲတော့ဘူး။ တချို့မြို့ကိုပြေးတယ်။ တချို့က နိုင်ငံခြားထွက်ကြတယ်။ မနေရဲကြဘူး။ လူငယ်တွေ ထွက်ပြေးကြတာပေါ့။ အများစုကတော့ ထွက်ပြေးနေကြတာပဲ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကမူ ၎င်း၏အဖွဲ့အနေဖြင့် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းမှု မရှိကြောင်းနှင့် လူငယ်များသည် အသိစိတ်ဖြင့် လာရောက်စစ်မှုထမ်းခြင်း၊ တာဝန်အရ စစ်မှုထမ်းခြင်းနှင့် လူတိုင်းစစ် ပညာတတ်ရမည်ဆိုသည့်မူကြောင့် လာရောက် စစ်မှုထမ်းခြင်းသာဖြစ်သည်ဟု ရှမ်းသံတော်ဆင့်နှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

“တိုက်ပွဲမရှိတဲ့ ထိုင်းတွေတောင် သူတို့နိုင်ငံ သူတို့ရပ်ရွာကာကွယ်ဖို့ စစ်ပညာသင်ရတယ်။ တိုက်ပွဲများတဲ့တို့ဒေသမှာ ပိုတောင်လိုအပ်သေးတယ်။ တာဝန်ပြီးဆုံးရင် မိသားစုနဲ့အတူ ပြန်နေရမှာပဲ။ ပြီးရင် နောက်တစ်ယောက် ထပ်လာ။ ဒါက ကိုယ်ကျိုးအတွက် လုပ်တာမဟုတ်ဘူး။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေး၊ အမျိုးသားတန်းတူရေးအတွက် တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်တာ” ဟု ရှမ်းသံတော်ဆင့်နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားပြီး အပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လူသစ်စုဆောင်းခြင်း၊ အင်အားတိုးချဲ့ခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။

Most Read

Most Recent