သြဂုတ် ၁ ရက်တွင် ကုမ္ပဏီများဥပဒေ စတင်အသက်ဝင်သော်လည်း စတော့အိတ်ချိန်းရှိ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူရောင်းချခွင့် မပြုနိုင်သေးကြောင်း ကြေညာ

သြဂုတ် ၁ ရက်တွင် ကုမ္ပဏီများဥပဒေ စတင်အသက်ဝင်သော်လည်း စတော့အိတ်ချိန်းရှိ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူရောင်းချခွင့် မပြုနိုင်သေးကြောင်း ကြေညာ
Published 2 August 2018

ရန်ကုန်စတော့အိတ်ချိန်းရှိ Listed ကုမ္ပဏီများ၏ အရောင်းအဝယ်ဖြစ်ပေါ်မှုကို ရှင်းလင်းနေမှုအား တွေ့ရစဉ်

သြဂုတ် ၁ ရက်တွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ စတင်အသက်ဝင်သော်လည်း စတော့အိတ်ချိန်းရှိ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူရောင်းချနိုင်ရန် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်းနှင့် ရန်ကုန်စတော့အိတ်ချိန်းရှိ FMI အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူခွင့် ရရှိနိုင်ဦးမည် မဟုတ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက သြဂုတ် ၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

FMI ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူရောင်းချ ခွင့်ပြုနိုင်ရန် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေနှင့်အညီ ထုတ်ပြန်သည့် အများပိုင်ကုမ္ပဏီများနှင့် ပတ်သက်သည့် ဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း၊ ကုမ္ပဏီပြန်လည်မှတ်ပုံတင်ခြင်းနှင့် သင်းဖွဲ့စည်းမျဉ်းများ ပြန်လည်ရေးဆွဲခြင်းများကို ဆောင်ရွက်ရန် လိုအပ်၍ ထိုသို့ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံခြားသားများ အနေဖြင့် FMI အစုရှယ်ယာများကို ဝယ်ယူရောင်းချနိုင်ဦးမည် မဟုတ်ဘဲ ဝယ်ယူရောင်းချနိုင်မည့်နေ့ကို FMI က ထပ်မံ ကြေညာသွားမည်ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းရှိ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူနိုင်ရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်က သြဂုတ် ၁ ရက်တွင် ပြောကြားသည်။

“လုပ်ငန်းစဉ်က မြန်မာနိုင်ငံကုမ္ပဏီများဥပဒေက သြဂုတ် ၁ ရက်၊ ဒီနေ့မှာ အာဏာတည်တယ်။ ဥပဒေအရဆိုရင် နိုင်ငံခြားသားများသည် စတော့အိတ်ချိန်းမှာ ကုမ္ပဏီတွေမှာ ဝယ်လို့ရပါပြီ။ စတော့အိတ်ချိန်းမှာ ရောင်းဝယ်ဖို့ဆိုတာကြတော့ ကြိုတင်ပြင်ဆင်တဲ့ကိစ္စတွေ ရှိပါတယ်။ ကြိုတင်ပြင်ဆင်တဲ့ကိစ္စတွေ လုပ်နေဆဲဖြစ်ပါတယ်။ မကြာမီ အချိန်အတွင်းမှာ အမိန့်ကြော်ငြာစာတွေ ထွက်လာပါလိမ့်မယ်။ ဒီနေ့တော့ ဝယ်လို့မရသေးဘူး။ ဥပဒေက ဒီနေ့အာဏာတည်တာ။ YSX မှာက System တွေ Rule တွေလုပ်ရတယ်။ Security ကုမ္ပဏီတွေမှာ အဆင့်ဆင့် လုပ်ရတယ်။ အဲဒီလို ကြိုတင်ပြင်ဆင်ရတဲ့ ကိစ္စလေးတွေ ကျွန်တော်တို့ လုပ်နေရပါတယ်။ တည်ဆောက်ရေးကာလမျိုးပေါ့။ ကြိုတင်ပြင်ဆင်တာကို ကျွန်တော်တို့ လုပ်နေပါတယ်။ မကြာခင်မှာ ပြီးပါပြီ။ ဘယ်နေ့ဝယ်ခွင့်ရမလဲဆိုရင် Listed ကုမ္ပဏီတွေ ဘယ်လောက်အဆင်သင့်ဖြစ်လဲ။ ရောင်းဝယ်ခွင့်ပြုမယ့် အမိန့်ကြော်ငြာစာ ဒီရက်ပိုင်းအတွင်း ထွက်ပါမယ်။ Listed ကုမ္ပဏီတွေက ပြန်ပြီးတော့ မှတ်ပုံတင်ရဦးမယ်။ အဓိက,ကတော့ Listed တွေပါ။ သူတို့ Re-registered ပြန်လုပ်ရပါဦးမယ်။ အဲဒီမှာ နိုင်ငံခြားသား ပါဝင်ဖို့ကို စတော့အိတ်ချိန်းက ဘယ်လောက်ထိ လက်ခံပေးထားလည်းဆိုတာကို ရန်ကုန်စတော့အိတ်ချိန်းကို အကြောင်းကြားရပါဦးမယ်” ဟု ဦးဌေးချွန်က ဆိုသည်။

Most Read

Most Recent