လပွတ္တာမြို့ ၁၂ မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် ဆွံ့အ ဉာဏ်ရည်ချို့တဲ့သူ ကလေးငယ်အား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်သူကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်

လပွတ္တာမြို့ ၁၂ မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် ဆွံ့အ ဉာဏ်ရည်ချို့တဲ့သူ ကလေးငယ်အား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်သူကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်
Published 2 August 2018

လပွတ္တာမြို့ ၁၂ မိုင်အနီးတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဆွံ့အ နားမကြား ဉာဏ်ရည်ချို့တဲ့သူ ကလေးငယ်အား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်သူအသက် ၆၃ နှစ်အရွယ် အမျိုးသားအား ဇူလိုင် ၃၁ ရက်က လပွတ္တာခရိုင်တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် --- ကျေးရွာတွင် နေထိုင်သူ မ-- အသက် ၁၆ နှစ်ခန့် ဆွံအ နားမကြား ဉာဏ်ရည်ချို့တဲ့သူ ကလေးငယ်အား မြွေဟောက်ကျေးရွာနေ မန်းမောင်ဖြူ အသက် ၆၃ နှစ်က ၁၂ မိုင်အနီးရှိ သောက်သုံးရေကန်နံဘေးသို့ လိမ်လည်ခေါ်ဆောင်သွားပြီး သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း၊ ယင်းကဲ့သို့ သားမယားအဖြစ် ပြုကျင့်သည်ကို ဆွေမျိုးများက တွေ့ရှိရသောကြောင့် ဝိုင်းဝန်းဖမ်းဆီးခဲ့သော်လည်း မန်းမောင်ဖြူမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အား အမှုဖွင့်တိုင်တန်းခြင်း မပြုလုပ်ရန် မန်းမောင်ဖြူကမ---၏ မိသားစုအား ငွေကြေးများပေးခြင်း၊ ရဲတပ်ဖွဲ့ဝင်အချို့နှင့် မှုခင်းသတင်းထောက်ဆိုသူတို့မှ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သေးပြီး လပွတ္တာမြို့ရှိ စေတနာလူမှုဝန်ထမ်းဦးစီး အရာရှိက သတင်းရရှိ၍ လိုက်လံကူညီမှသာ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး လပွတ္တာခရိုင်တရားရုံးမှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ လပွတ္တာခရိုင်တရားရုံးမှ ယင်းဖြစ်စဉ်အား တရားလို တရားခံ နှစ်ဦးနှစ်ဖက်အား စစ်ဆေးရာတွင် မ---မှာ ဉာဏ်ရည်မပြည့်ဝသူဖြစ်သောကြောင့် စစ်ဆေးခဲ့ရခြင်းမရှိဘဲ ဆေးစစ်ချက်များနှင့် ပစ္စည်းသက်သေများအရ မ-- အဝတ်အစားနှင့် မန်းမောင်ဖြူ၏ အဝတ်အစားများတွင် သုက်ရည်များတွေ့ရှိရခြင်း ပတ်ဝန်းကျင် တွေ့ရှိချက်များနှင့် ဆေးစစ်ချက်များအရ မ--၏ မိန်းမကိုယ်တွင် ဒဏ်ရာအချို့တွေ့ရခြင်းများကြောင့် မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် မန်းမောင်ဖြူအား ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ချမှတ်ခဲ့တဲ့ အမိန့်ကတော့ မြွေဟောက်ကျေးရွာက တရားခံကနေပြီးတော့ ၁၂ မိုင်မှာပေါ့နော်။ မသန်စွမ်းတဲ့ ကလေးမတစ်ဦးနဲ့ ပတ်သက်ပြီးတော့ မုဒိမ်းမှုကျူးလွန်တယ်ဆိုပြီးတော့ စွပ်စွဲတဲ့အမှုနဲ့ပတ်သက်ပြီးတော့ စီရင်ချက်ချမှတ်ခဲ့တယ်။ ချမှတ်ခဲ့တဲ့အခါမှာ ကလေးမလေးကတော့ အမှုမှာ နစ်နာသူအနေနဲ့ မစစ်နိုင်ခဲ့ဘူး။ မစစ်နိုင်ခဲ့ဘူးဆိုတာ သူကဝက်ရူးပြန်တတ်တဲ့ ရောဂါရှိတယ်။ သူ့အဘွားပြောဆိုချက်အရ ထွက်ဆိုချက်အရ နောက်စာကလည်း မသင်ခဲ့ရဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သူ့အဘွားက သူ့ကိုမွေးထားခဲ့ရတာပေါ့နော်။ တစ်ခါတစ်ခါ သူ့အဘွားပြောတဲ့ဟာကို သူနားလည်တာရှိသလို တစ်ခါတစ်လေကျတော့လည်း နားမလည်ဘူးလို့ သူ့အဘွားက ထွက်ဆိုတယ်ပေါ့နော်။ နောက်ရုံးရှေ့မှာ စစ်ဖို့လုပ်တဲ့အခါ ကျတော့လည်း ဒီကောင်မလေးဟာ မေးလို့မရခဲ့ဘူး။ နိုင်ငံတော်ဘက်ကလိုက်ပါတဲ့ ဥပဒေအရာရှိက ကောင်မလေးကို လက်ဟန်ခြေဟန်နဲ့ မေးဖို့လုပ်တော့လည်းသူက လက်ဟန်ခြေဟန်နဲ့လည်း မပြောနိုင်ဘူး။ နောက် အစ်မတို့မေးတဲ့မေးခွန်းကို နားလည်လား ကောင်းစွာဖြေဆိုနိုင်ခြင်းရှိလား၊ မရှိလား ပဏာမမေးမြန်းကြည့်တဲ့အခါမှာလည်း သူက မေးခွန်းကိုလည်း သူက နားမလည်ဘူး။ နောက်စိတ်ပါဝင်စားစွာ ဖြေဆိုမှုလည်းမရှိဘူးပေါ့။ တောင်ကြည့်မြောက်ကြည့်နဲ့ အပြင်ကို အတင်းထွက်ဖို့ပဲ သူကလုပ်နေတာပေါ့နော်။ အဲ့ခါကျတော့ သူ့အဘွားက သူ့ကို ကရင်လို ပြောလည်းမရဘူး။ ထွက်ဖို့ပဲဖြစ်နေတာပေါ့နော်။ အဲဒီလိုမျိုးဖြစ်နေတော့ သူ့အဘွားနဲ့ ကျန်တဲ့တရားလိုပြတဲ့သက်သေ ၁၅ ယောက် ရှိတယ်ပေါ့နော်။ အဲ ၁၅ ယောက်ကိုစစ်တယ်။ စစ်တဲ့အခါမှာ ဥပဒေနဲ့အညီ စစ်ဆေးဆောင်ရွက်တဲ့အခါမှာ ဥပဒေနဲ့အညီပဲ ရာဇသတ်ကြီးပုဒ်မ ၃၇၆ မုဒိမ်းမှုမကျူးလွန်ပေမဲ့ မုဒိမ်းမှုကျူးလွန်ရန် အားထုတ်တဲ့အဆင့် တွေ့ရတဲ့ကြောင့်မို့ ဒီကလေးအရွယ် မသန်စွမ်းပဲနေတဲ့ အသက်အရွယ်ငယ်တဲ့သူတွေအပေါ်မှာ ပြုကျင့်တဲ့အပေါ်မှာ နောင်မှာလည်း အခုလို အမှုတွေမဖြစ်ရေး ဒီလိုပြစ်ဒဏ်မျိုးပေးတယ်ဆိုတာ သိပါသလားဆိုတာ သိရအောင်ရယ် ကလေးတွေရဲ့ဘ၀ လုံခြုံမှုရှိရန်ဆိုပြီးတော့ ထိရောက်တဲ့ ပြစ်ဒဏ် ၃၇၆/၅၁၁ရဲ့ အမြင့်ဆုံးပြစ်ဒဏ်လို့ ပြောလို့ရပါတယ်။ ထောင်ဒဏ် ၁၀ နှစ်ကို ချခဲ့ပါတယ်။ ပြုကျင့်ခံရတဲ့ကလေးကို စစ်လို့မရတဲ့ အခါကျတော့ ပတ်ဝန်းကျင်ရဲ့ သက်သေခံချက် ကွင်းဆက်တွေရဲ့ အထောက်အထားတွေနောက် ဆေးစာတွေ သက်သေခံ ပစ္စည်းတွေပေါ့နော်။ အဲဒီကွင်းဆက်တွေကိုပဲ ဆက်စပ်ပြီးတော့ ဆုံးဖြတ်ခဲ့တာပါ” ဟု လပွတ္တာခရိုင်တရားသူကြီး ဒေါ်အေးအေးမြင့်က ပြောကြားသည်။

Most Read

Most Recent