လုပ်ကိုင်ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှုကော်မတီအားလုံးတွင် ချင်းပြည်နယ်မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး၌ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေပြီဟု ဆို

လုပ်ကိုင်ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှုကော်မတီအားလုံးတွင် ချင်းပြည်နယ်မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး၌ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေပြီဟု ဆို
Published 2 August 2018

လုပ်ပိုင်ခွင့် ခွင့်ပြုပေးထားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ရင်းနှီးမြှုပ်နှံမှု ကော်မတီအများအားလုံးတွင် ချင်းပြည်နယ်မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေပြီဖြစ်ကြောင်း ဇူလိုင် ၃၀ ရက်က ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းစာရှင်းလင်းပွဲ အခမ်းအနားမှ သိရသည်။

“အခုဆိုရင် ရင်းနှီးမြှုပ်နှံမှုအားလုံး ပြည်နယ်တွေအစုံ ချင်းကလွဲလို့ စုစုပေါင်း တိုင်းဒေသကြီးတွေမှာ လုပ်ပိုင်ခွင့်ပေးထားတာတွေ ဝင်လာပြီ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အကုန်ထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ထားသည့် စာရင်းများအရ ကယားပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာ ဝင်ရောက်ထားပြီး ချင်းပြည်နယ်တွင် လုံး၀၀င်ရောက်ထားခြင်း မရှိကြောင်း၊ အဆိုပါ ပြည်နယ်နှစ်ခုအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် သုညရာခိုင်နှုန်းသာရှိကြောင်း MIC ၏ စာရင်းများအရ သိရသည်။

တိုင်းဒေသကြီးရှစ်ခုတွင်မှု ရန်ကုန်တိုင်းအတွင်းသို့ အများဆုံးဝင်ရောက်ထားပြီး မြန်မာတစ်နိုင်ငံလုံး၏ ၃၂ ဒသမ ၅၃ ရာ ခိုင်နှုန်းအထိရှိသည်။ နေပြည်တော်အတွင်းသို့ ဝင်ရောက်မှုသည် အနည်းဆုံးဖြစ်ပြီး စုစုပေါင်းပမာဏ၏ ၀ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်နယ်ကြီး ခုနှစ်ခုအနက် ကချင်ပြည်နယ်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ထားပြီး ရခိုင်ပြည်နယ်သို့ ဒုတိယအများဆုံး ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အကုန်ထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ထားသည့် စာရင်းများအရ ကချင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ငါးခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၂ ဒသမ ၈၅ ဘီလျံကျော်ဖြင့် အများဆုံး ဝင်ရောက်ထားခြင်းဖြစ်သည်။

အဆိုပါ ပမာဏသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ၏ ၂၀ ဒသမ ၆၂ ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၉ ခု ဝင်ရောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာ ဒေါ်လာ ၁၀ ဒသမ ၅၇ ဘီလျံဖြင့် ဒုတိယအများဆုံး ဝင်ရောက်ထားသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ၏ ၁၇ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းသို့ ရင်းနှီးမြှုပ်နှံမှု ပမာဏ ၆ ဒသမ ၅ ဘီလျံကျော် ဝင်ရောက်ထားပြီး တတိယ အများဆုံးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၅၀ နီးပါး ဝင်ရောက်ထားကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၂၃၀ ခန့် ဝင်ရောက်ထားကာ အဆင့် ၅ နေရာတွင်ရှိသည်။

Most Read

Most Recent