ထားဝယ်မြို့မှ ၅၁ မိုင်ကျော်အကွာရှိ ရှင်မော်ဘုရားတောင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပွားနေ

ထားဝယ်မြို့မှ ၅၁ မိုင်ကျော်အကွာရှိ ရှင်မော်ဘုရားတောင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပွားနေ
Published 1 August 2018

ပုံစာ-- ရှင်မော်ဘုရားတောင်တွင် မြေသားပြိုကျမှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ - သက်ဇော်မြတ်)

တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့မှ ၅၁ မိုင်ကျော်အကွာ လောင်းလုံးမြို့နယ်ရှိ ရှင်ကိုးရှင် သမိုင်းဝင်ရှင်မော်ဘုရားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ် ၁ ရက် နံနက်ပိုင်းမှ စတင်ကာ တောင်နံရံ မြေသားပြိုကျမှု ဖြစ်ပွားနေကြောင်း သိရသည်။

မြေသားပြိုကျမှုမှာ သြဂုတ်လ ၁ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရှင်မော်ဘုရားရင်ပြင် အရှေ့ဘက်ရှိ တောင်စောင်းတွင် တည်ဆောက်ထားသော ဂေါပကရုံးခန်းနှင့် သံဃာနားနေဆောင် အောက်ဘက်ရှိမြေသားများ ပြိုကျကာ နံဘေးရှိ ပင်လယ်အတွင်းသို့ ကျဆင်းနေကြောင်း၊ လက်ရှိအချိန်အထိ မြေသားပြိုကျမှုမှာ ဆက်လက်ဖြစ်ပွားနေပြီး ဂေါပကရုံးခန်းနှင့် သံဃာနားနေဆောင်ပါ ပြိုကျလာနိုင်သည့် အနေအထားရှိသောကြောင့် အဆောင်အတွင်းမှပစ္စည်းများ ရွှေ့ပြောင်းဖယ်ရှားနေသည်ဟု ၎င်းနေရာသို့ရောက်ရှိနေသည့် ဇမ္ဗူသီရိ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“လက်ရှိ အခြေအနေကတော့ သံဃာဆောင်တော့ မပါ (မပြိုကျ) သေးဘူး။ ခရီးသည် နားနေဆောင်ဘေးက ဂေါပကရုံးခန်း အောက်ဘက်ကမြေတွေ အကုန်ပြိုဆင်းသွားတယ်။ မြေသားတွေနဲ့အတူ လူ သုံးယောက်ပိုက်လောက် ရှိတယ် သစ်ပင်ပါ ပင်လယ်ထဲ ဆင်းသွားတယ်။ အခုလက်ရှိက ဘုန်းကြီးနေတဲ့ သံဃာဆောင်မှာ ရှေ့က တစ်တန်းလုံး အက်ကြောင်းထနေပြီ။ ဂေါပကရုံးပြိုရင် သူလည်းပြိုကျမယ့် အနေအထားရှိတယ်။ ဒီတော့ သံဃာဆောင်က မှန်တွေနဲ့ရှိတာ ရသမျှ အကုန်ဖြုတ်သိမ်းနေပြီ။ ဝန်ကြီးတွေလည်း ရောက်နေပြီ။ တပ်မတော်နဲ့ကျွန်တော်တို့ကယ်ဆယ်ရေးအဖွဲ့တွေလည်း အများကြီးပဲ။ အစီး ၂၀ လောက် ရှိတယ်” ဟု မြေသားပြိုကျမှု ဖြစ်ပွားနေသည့် ရှင်မော်ဘုရားတောင်ပေါ်သို့ရောက်ရှိနေသော ဇမ္ဗူသီရိ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ကိုနိုင်မျိုးသွင်က သြဂုတ်လ ၁ ရက် ညနေ ၄ နာရီခန့်တွင် ပြောကြားသည်။

လက်ရှိ အခြေအနေအရ မြေပြိုကျမှုဖြစ်နေသည့် ရှင်မော်ဘုရားတောင်ပေါ်ရှိ ဂေါပကရုံးခန်းမှာ အောက်ခံမြေသားများ ပင်လယ်အတွင်း ပြိုဆင်းသွားသောကြောင့် ရုံးခန်းပြိုကျရန် အခြေအနေရှိနေပြီး ၎င်းရုံးခန်းအတွင်းမှ ပစ္စည်းများအားအပြင်သို့သယ်ထုတ်ထားကြောင်း၊ ရှင်မော်ဘုရားတောင်သို့ လာရာ လမ်းတစ်လျာက်တွင်လည် မြေပြိုကျမှု အနည်းငယ် ဖြစ်ပွားနေသည့်နေရာများလည်း ရှိနေပြီး ယင်းဒေသတစ်ဝိုက်တွင် လေပြင်းတိုက်ခတ်နေကာ မိုးလည်း ရွာသွန်းနေသဖြင့် မြေသား ထပ်မံပြိုကျလာနိုင်သည့် အခြေအနေရှိနေသည်ဟု ရှင်မော်တောင်ပေါ်သို့ ရောက်ရှိနေသည့် ကျောက်နီမော်ရွာမှ ဒေသခံဖြစ်သူ ကိုသက်ဇော်မြတ် ကပြောကြားသည်။

ရှင်မော်ဘုရားတောင် မြေသားပြိုကျသည့်နေရာသို့ဒေသတွင်းမှ အရေးပေါ် လူနာတင်ယာဉ်အဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့များ သွားရောက် ကူညီနေပြီး မြေပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။ ရှင်မော်ဘုရားမှာ ထားဝယ်ဒေသ၏ အထင်ကရ သမိုင်းဝင် ရှင်ကိုးရှင်ဘုရားများအနက် တစ်ဆူ အပါအဝင်ဖြစ်ပြီး လောင်းလုံးကျွန်းဆွယ် အစွန်းဆုံးပင်လယ်ဝ၌ တည်ထားသည့် ဘုရားတစ်ဆူဖြစ်သည့်အပြင် နှစ်စဉ် ဘုရားဖူးခရီးသွား အများအပြား လာရောက်လေ့ရှိသည့် ဘုရားတစ်ဆူဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်အတွင်းကလည်း ၎င်းရှင်မော်ဘုရားနှင့် ၁၀ မိုင်ခန့်အကွာရှိ ကျောက်နီမော်ကျေးရွာမှ အင်းကနီရပ်ကွက်တွင် တောင်ပြိုကျမှုဖြစ်ပွား၍ နေအိမ်ပြိုကျမှုရှိခဲ့ပြီး ဒေသခံ ၂၅၀ ကျော်ကို ယာယီရွှေ့ပြောင်းပေးခဲ့ရသေးသည်။

ထားဝယ်ဒေသအတွင်း၌ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ရေကြီးရေလျှံမှုများနှင့် မြေသားပြိုကျမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

 

Most Read

Most Recent