သံလွင်တံတား (ဘားအံ) အနီးရှိ တရုတ်လှကျွန်းစေတီတော် သံလွင်မြစ်အတွင်းသို့ ပြိုကျ

သံလွင်တံတား (ဘားအံ) အနီးရှိ တရုတ်လှကျွန်းစေတီတော် သံလွင်မြစ်အတွင်းသို့ ပြိုကျ
Published 1 August 2018

သံလွင်တံတား(ဘားအံ)အနီး တရုတ်လှကျွန်း၌ တည်ထားကိုးကွယ်လျက်ရှိသော စေတီတော်နှင့် အရံစေတီတော်များမှာ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့့်က သံလွင်မြစ်အတွင်းသို့ ပြိုကျသွားကြောင်း သတင်းရရှိသည်။

အဆိုပါ တရုတ်လှကျွန်း စေတီတော်အား ဘားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာအုပ်စု၊ တရုတ်လှကျေးရွာနေ ဦးသန်းရှိန်(ခ) ဦးသန်းတင်က မိခင်ဖြစ်သူအား ရည်စူး၍ တရုတ်လှကျွန်းထိပ်၌ လွန်ခဲ့သော (၃၅) နှစ်က တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မိုးသည်ထန်စွာ ရွာသွန်းခြင်းကြောင့် ဇူလိုင်လ၂၀ ရက်နေ့မှ စ၍ သံလွင်မြစ်ရေ မြင်တက်လာခဲ့ကာ ကရင်ပြည်နယ်အတွင်း မြို့နယ် ငါးမြို့နယ်ရှိ ကျေးရွာပေါင်းများစွာ ရေနစ်မြုတ်မှုဒဏ်ကိုခံရပြီး သံလွင်မြစ်ရေလည်း ရေစီးသန်လျက်ရှိသည်။

ယင်းသို့ ရေကြီး ရေလျှံ ရေစီး သန်မှုကြောင့် ရွှေသင်္ကန်းကပ် လှူဒါန်းထာသော အရံစေတီကိုးဆူ အပါအဝင် ဉာဏ်တော်အမြင့် ၁၅ တောင် အမြင့်ရှိ တရုတ်လှကျွန်း စေတီတော်သည် ဘုရားရင်ပြင်တော်တစ်ခုလုံး ပြိုကျကာ သံလွင်မြစ် အတွင်းသို့ နစ်မြုတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ကာ ကရင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသည့် အိမ်ထောင်စု - ၄၈၀၀ စု- လူဦးရေ ၂၃၂၃၅ ဦးရှိသော်လည်း လက်တွေ့တွင် သွားလာရ ခက်ခဲသည့်နေရာများ၊ ကယ်ဆယ်ရေးစခန်း ရောက်ရှိမလာဘဲ နီးစပ်ရာ ဆွေမျိုးများထံတွင် ခိုလှုံနေကြသူများလည်း သောင်းနှင့်ချီ၍ရှိကာ အများစုမှာ နေအိမ်သို့ ပြန်နိုင်သည့် အခြေအနေ မရှိသေးကြောင်း၊ သံလွင်မြစ်ရေသည် ဇူလိုင်လ ၃၁ ရက်နေ့တွင် အနည်းငယ် လျော့ကျသော်လည်း စိုးရိမ်ရေ အမှတ် အထက်တွင် ရပ်တည်နေဆဲ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent