ဝါရင့်ဂိုးသမား စကယ်တလန်ဘတ်အား စာချုပ်သက်တမ်းတိုးရန် အဲဗာတန်အသင်း ကမ်းလှမ်း

ဝါရင့်ဂိုးသမား စကယ်တလန်ဘတ်အား စာချုပ်သက်တမ်းတိုးရန် အဲဗာတန်အသင်း ကမ်းလှမ်း
Published 1 August 2018

Photo: AP

အဲဗာတန်အသင်းသည် ဝါရင့်ဂိုးသမား စကယ်တလန်ဘတ်အား စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

အသက် (၃၅)နှစ်အရွယ်ရှိ နယ်သာလန်ဂိုးသမား စကယ်တလန်ဘတ်သည် ၂၀၁၉ ခုနှစ် ဇွန်လတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အဲဗာတန်အသင်းက (၁)နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

စကယ်တလန်ဘတ်သည် အဲဗာတန်အသင်း၏ ယခုနှစ် ရာသီကြိုခြေစမ်းပွဲစဉ် (၆)ပွဲစလုံးတွင် ပါဝင်ကစားထားသော်လည်း အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်နောက်တွင် ဒုတိယဦးစားပေးအဖြစ်သာ ပွဲထွက်ခွင့်ရမည် ဖြစ်သည်။

စကယ်တလန်ဘတ်သည် ၂၀၁၆ ခုနှစ်က ဖူလ်ဟမ်အသင်းမှ အဲဗာတန်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီက အသင်းတွင် ပြိုင်ပွဲစုံ (၃)ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ကြောင်း သိရသည်။

စကယ်တလန်ဘတ်အား ခေါ်ယူရန် ပြင်သစ်ကလပ် လိုင်လီအသင်းက ဆန္ဒရှိနေသော်လည်း အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗားကမူ ၎င်းကို အသင်းတွင် ဆက်ထိန်းထားရန် ဆန္ဒရှိနေကြောင်း သိရသည်။

စကယ်တလန်ဘတ်သည် အေဂျက်စ်အကယ်ဒမီထွက် ဂိုးသမားတစ်ဦးဖြစ်ပြီး ပရိုကစားသမားဘဝကို အေဂျက်စ်အသင်းတွင်ပင် စတင်ခဲ့ကာ နယ်သာလန်လက်ရွေးစင်အသင်းအတွက်လည်း (၅၈)ပွဲအထိ ပါဝင်ကစားဖူးသူ ဖြစ်သည်။

Most Read

Most Recent